မိတ္ထီလာထောင်အနီး ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ် နိုင်/ကျဥ်းများအားတက်စေရန် မိုင်းခွဲအသိပေးခဲ့ခြင်းဖြစ်ဟုဆို

By 007(မဇ္စျိမ)
28 September 2023
မိတ္ထီလာထောင်အနီး ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ် နိုင်/ကျဥ်းများအားတက်စေရန် မိုင်းခွဲအသိပေးခဲ့ခြင်းဖြစ်ဟုဆို
ပုံစာ -မိတ္ထီလာမြို့အဝင်ဆိုင်းဘုတ်၊ Photo CJ
မိတ္ထီလာမြို့ အကျဥ်းထောင်အနီးတွင်၊ ယမန်နေ့ညက၊ ပြင်းထန်သည့်ပေါက်ကွဲမှုကြီး တခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
"ထောင်အနီးပေါ့နော်၊ ထောင်နဲ့ ထွေ/အုပ်ရုံးကြားပေါ့၊ ထောင်နဲ့ပိုနီးတယ်၊ ညက ၇ နာရီကျော်လောက်ကြီးမှာ ပေါက်ကွဲသံကြီးထဖြစ်တာ၊ အကျယ်ကြီးပဲ၊ အသံတော်တော်ပြင်းတယ် လူထိခိုက်မိသံတော့မကြားပါဘူး" ဟု အမည်မဖော်လိုသူဒေသခံ သတင်းရင်းမြစ် တဦးကပြောသည်။
 
မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာအကျဥ်းထောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ရှိရာ လမ်းပိုင်းတနေရာတွင်၊ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ ည ၇ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါပေါက်ကွဲနှင့်ပတ်သက်၍၊ အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ အကျဥ်းထောင်အတွင်းရှိနေသော၊ ယုံကြည်ချက်ကြောင့် မတရားထောင်ချခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအား၊ အားတက်စေရန်ရည်ရွယ်ချက်ဖြင့်ဖောက်ခွဲအသိပေးခဲ့ခြင်းဖြစ်ကြောင်း Meiktila People Defence Force အဖွဲ့ က သတင်းထုတ်ပြန်သည်။
 
"အဓိကကတော့ နိုင်/ကျဥ်းတွေအားတက်စေဖို့ပါပဲ၊ ပြည်သူတွေသွေးမအေးဘူးဆိုတာ သူတို့သိစေလိုလို့ အသံပေး အသိပေးလိုက်တာပါပဲ၊ ပွဲတော်ကာလဖြစ်လို့၊ ခွေးတွေနဲ့ပြည်သူတွေရောနေလို့ ပြည်သူထိမှာလည်းစိုးရိမ်တယ်၊ ဒါကြောင့်မို့လို့ တပ်လှန့်သတိပေးရုံပဲ လုပ်ခဲ့တယ်" ဟု အဖွဲ့တာဝန်ရှိသူ တဦးကပြောသည်။
 
မိတ္ထီလာမြို့သည်၊ စစ်တပ်မြို့အဖြစ် ကျော်ကြားသည့်မြို့တမြို့ဖြစ်ပြီး၊ မြို့လူဦးရေ၏သုံးပုံနှစ်ပုံခန့်က မဘသ ထောက်ခံသည့် အမျိုးသားရေးအင်အားစုများဖြစ်သည်။
 
လက်ရှိတွင်၊ မိတ္ထီလာမြို့၌၊ စစ်ကောင်စီကစီစဥ်သည့် ဖောင်တော်ဦးဘုရားပွဲ ကျင်းပပြုလုပ်နေပြီး၊ မြို့လူထုအနေနှင့်၊ စစ်ဘေးသင့်ပြည်သူများအား အားနာသင့်ကြောင်း အသိပေးလိုခြင်းရည်ရွယ်ချက်ရှိသည်ဟုလည်း၊ ဖောက်ခွဲမှုတွင်ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်များက ဆိုသည်။
 
"မိတ္ထီလာဘုရားပွဲမှာ ပျော်ပါးဟားတိုက်နေကြသူတွေအနေနဲ့၊ ငါးမျဥ်းစောင်း( ၅/ )တွေနဲ့ တခြားသောစစ်ဘေးသင့်ဒေသက ပြည်သူတွေကို အားနာသင့်နေပြီ" ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် တော်လှန်ရေးရဲဘော် တဦးကပြောသည်။
 
အဆိုပါတိုက်ခိုက်မှုကို၊ မိတ္ထီလာ၊ သာစည်၊ မလှိုင်နှင့်ဝမ်းတွင်း စသည့် လေးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
မိတ္ထီလာမြို့တွင်၊ စစ်အာဏာသိမ်းပြီးကတည်းက ကျင်းပနိုင်ခြင်းမရှိခဲ့သည့်၊ မြို့၏အထင်ကရ ဖောင်တော်ဦးဘုရားပွဲတော်ကို၊ စစ်ကောင်စီ၏အစီအစဥ်ဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိသတ်မှတ်ပြီး ကျင်းပလျက်ရှိသည်။
 
စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly