အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း KNU နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို စစ်ကောင်စီ ဆုံးရှုံး

By YT (မဇ္ဈိမ)
27 September 2023
အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း KNU နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို စစ်ကောင်စီ ဆုံးရှုံး

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ လပေါင်း ၃၀ အတွင်း စစ်ကောင်စီတပ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၆၂ ခုအား ဆုံးရှုံးထားကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ 

KPSN သည် "အာဏာဟန်ချက် အပြောင်းအလဲ- မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောင်းလာခြင်း" အမည်ရ အစီရင်ခံစာအား ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ KNU နယ်မြေများတွင် စစ်ကောင်စီတပ်​၏ စစ်ရေး၊အုပ်ချုပ်ရေး အခြေအနေများနှင့် စစ်ကောင်စီတပ်​၏ လူထုပစ်မှတ်ထားတိုက်ခိုက်မှုအခြေအနေများ၊ပညာရေးအခြေအနေများအား ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်အနေဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များ​၏ တိုက်ခိုက်သိမ်းပိုက်ခြင်း၊  ၎င်းတို့ကိုယ်တိုင် မဖြစ်မနေ စွန့်လွှတ်ခဲ့ရခြင်း တို့ကြောင့်  တပ်စခန်းများအား ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ 

" စစ်ကောင်စီအာဏာသိမ်းပြီး ပထမ ၁၁ လမှာ စစ်ကောင်စီက ၎င်းရဲ့ တပ်စခန်း ၂၁ ခုကို ဆုံးရှုံးခဲ့ရတယ်။ နောက်ထပ် ၁၈ လကြာပြီးတဲ့နောက်မှာ စစ်ကောင်စီဟာ တပ်စခန်း ၄၁ ခုကို ထပ်ဆုံးရှုံးခဲ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ သူ့ရဲ့ တပ်စခန်းဆုံးရှုံးမှုတွေ တိုးလာတယ်ဆိုတာ တွေ့ရမှာပါ" ဟု KPSN ​၏ ဒါရိုက်တာ နော်ဝါးခူရှီးက အစီရင်ခံစာမိတ်ဆက်ပွဲတွင် ပြောသည်။

KNU နယ်မြေများအတွင်း စစ်ကောင်စီတပ်​၏ တပ်စခန်းဆုံးရှုံးမှုအများဆုံးမှာ KNU တပ်မဟာ (၅) နှင့် တပ်မဟာ (၁) တို့ဖြစ်ပြီး တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်တွင် တပ်စခန်း ၂၁ ခု နှင့် တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်တွင် ၁၇ ခု ဆုံးရှုံးနေကြောင်း KPSN ​၏ အစီရင်ခံစာအရ သိရသည်။ 

" သံလွင်မြစ်ကမ်းတစ်လျှောက်ကို ကြည့်မယ်ဆိုရင်လည်း KNU က အပြည့်အဝ ထိန်းချုပ်လာနိုင်တာကို တွေ့ရမှာပါ။ ပြီးတော့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း KNU က သိမ်းပိုက်ထားနိုင်ပြီး စစ်တောင်းမြစ်တလျှောက်မှာ KNU၊ KNLA က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ် နိုင်လာပါတယ်"ဟု နော်ဝါးခူရှီးက ဆက်လက်ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် KNU ၊ KNLA ပူးပေါင်းတပ်ဖွဲ့များက ​ ထိန်းချုပ်နယ်မြေများကို ပိုမိုတိုးချဲ့လာခဲ့ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်​၏ ရန်ကုန်- နေပြည်တော် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့် ရန်ကုန်- မြဝတီ ထိုင်းမြန်မာကုန်သွယ်ရေး အာရှလမ်းမကြီးပေါ်အထိ တိုက်ရိုက် ခြိမ်းခြောက်လာနိုင်ကြောင်း အစီရင်ခံစာအရ သိရသည်။

နယ်မြေဆုံးရှုံးမှု များလာသော စစ်ကောင်စီတပ်သည် KNU နယ်မြေများအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း ပိုမိုမြှင့်တင်လုပ်ဆောင်လာသဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စာရင်းကောက်ယူချက်အရ KNU နယ်မြေများတွင် စစ်ဘေးရှောင် အရေအတွက်သည် အနည်းဆုံး ၆၃၇,၄၁၄ ဦးအထိ ရှိလာကြောင်း KPSN က အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) သည် ကရင်လူထုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်ရေးပဋိပက္ခဒဏ် ခံနေရသော ကရင်တိုင်းရင်းသားများ၊ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များအား အကူအညီပေးခြင်းတို့ကို ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KNU
#စစ်ကောင်စီ တပ်စခန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly