မှတ်ပုံတင်မထားသည့် ဆင်းကတ်များရောင်းချပါက ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ

By ဂန္ဒမာ (မဇ္ဈိမ)
27 September 2023
မှတ်ပုံတင်မထားသည့် ဆင်းကတ်များရောင်းချပါက ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ
ပုံအညွှန်း - Mytel ဆင်းမ်ကတ်များအားတွေ့ရစဉ်

သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်အမှန်ဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် မိုဘိုင်းဆင်းကတ် များကိုရောင်းချပါက ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာ ချက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် ဆင်းကတ်များလွှဲပြောင်းရောင်းချသူများအနေဖြင့် သုံးစွဲသူများကို အချက် အလက်အမှန်ဖြင့် မှတ်ပုံတင်ပြီးမှ လွှဲပြောင်းရောင်းချရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ထားခြင်းမရှိပါက ဆက် သွယ်ရေးဥပ‌ဒေ ပုဒ်မ ၇၂ ဖြင့် အရေးယူမည်ဖြစ်ကြောင်း ပါရှိသည်။

“ဆိုင်မှာရောင်းတဲ့ Sim card တိုင်းက မှတ်ပုံတင်ပြီးသားတွေဆိုတော့ အဆင်ပြေတယ်။ တယောက်မှ သူတို့အမည်ပေါက်နဲ့ ပြန်ပြီး မှတ်ပုံတင်ချင်တယ်မပြောဘူး၊ ပြောတဲ့သူအရမ်းနည်းတယ်။ ဝယ်သူတွေက တင်ပြီးရင်ပြီးရော ကတ်မပျက်ရင်ရပြီဆိုတာချည်းပဲ။ အရေးယူမယ်ဆိုလဲ ဘယ်လိုသွားအရေးယူလို့ရမှာ လဲ၊ အစောထဲကမှ စနစ်ကမှန်မနေတာ။ တိုင်းပြည်ကအကုန်လွဲနေတာကို ဘာတွေမျှော်လင့်ချင်နေတာ လဲလို့ပဲ စစ်ကောင်စီကိုပြောချင်တယ်” ဟု ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်တခုမှ အရောင်းဝန်ထမ်းတဦးက ဆင်းကတ်ရောင်းချမှုပုံစံကို ရှင်းပြသည်။

ဆက်သွယ်ရေးအော်ပရေတာများ၏ အရောင်းဆိုင်များ၊ ၎င်းတို့နှင့်တရားဝင်စာချုပ် ချုပ်ဆိုထားသည့်  အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်(Points Of sales) များမှာ သုံးစွဲသူမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြီးမှရောင်းချရမည်ဖြစ်ပြီး အသစ်ဖြန့်ဝေမည့် ဆင်းကတ် အပါအဝင် ဈေးကွက်အတွင်းရောက်ရှိပြီးသား ဆင်းကတ်များလည်း အကျုံးဝင်ကြောင်း သိရသည်။

“အခုထုတ်ပြန်ချက်က တော်လှန်ရေးထဲမှာ နည်းအမျိုးမျိုးနဲ့ပါဝင်နေတဲ့သူတွေကို အခက်တွေ့အောင်လုပ် တယ်လို့ပဲ ထင်ပါတယ်။ အာဏာရှင်ဆိုတာ ပြည်သူနဲ့နိုင်ငံအပေါ် ဘယ်တုန်းကမှစေတနာမရှိခဲ့တာ ဆိုတော့ ဒါကရှင်းပါတယ်။ မှတ်ပုံတင်တယ်ဆိုရင်တောင် ကိုယ့်အတွက်အန္တရာယ်ကင်းစေမယ့်နည်းလမ်း ကို အသုံးပြုကြတယ်။ အရင်ကလည်း မှတ်ပုံမတင်တဲ့ဆင်းကတ်တွေကို ပိတ်တာမျိုးရှိတယ်။ အပိတ်ခံရ တာလည်း ရှိတယ်။ ပိတ်ရင် နောက်တခုဝယ်သုံးလိုက်တာပဲ။ သူတို့ကမှတ်ပုံတင်စေချင်ရင် မတင်ပဲနေ လိုက်တယ်။ သူတို့ခိုင်းတဲ့ကိစ္စတွေကို ဆန့်ကျင်တာပဲပေါ့” ဟု မိုဘိုင်းဖုန်းအသုံးပြုသူတဦးက ပြောသည်။

မှတ်ပုံတင်ပြီး ဆင်းကတ်ကို ဝယ်ယူအသုံးပြုပါက ကိုယ်ပိုင်ကိုယ်ရေးအချက်အလက်ဖြင့်သာ မှတ်ပုံတင် အသုံးပြုရမည်ဖြစ်ပြီး ကြေညာချက်ပါ သတ်မှတ်ချက်တရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်ပါက အရေးယူခံရမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာထား သည်။

စာတည်း။  ။စောဖေ

#မိုဘိုင်းဆင်းကတ်
#မှတ်ပုံတင်
#ဆက်သွယ်ရေးဥပဒေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly