စင်္ကာပူတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ၁၀၀ ကီလို ဗုံးကို ဖောက်ခွဲဖျက်ဆီး

26 September 2023
စင်္ကာပူတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ၁၀၀ ကီလို ဗုံးကို ဖောက်ခွဲဖျက်ဆီး

စင်္ကာပူနိုင်ငံ Bukit Timah အရပ်တွင် တွေ့ရှိသော ဒုတိယကမ္ဘာစစ်လက်ကျန် ၁၀၀ ကီလိုဂရမ် အလေးချိန်ရှိ ဗုံးတလုံးကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ထိုမတိုင်မီ မနက်ပိုင်းက အနီးအနားတွင် နေထိုင်သူ ၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းခဲ့ရသည်။

စင်္ကာပူစစ်တပ် (SAF) ၏ ပေါက်ကွဲစေသော စစ်လက်နက်ပစ္စည်း ဖယ်ရှားရှင်းလင်းရေး အဖွဲ့က ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ထို စစ်ကျန်ဗုံးကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖေ့ဘွတ်ခ်တွင် ရေးသည်။

အဆောက်အဦးနှင့် ဆောက်လုပ်ရေး အာဏာပိုင်အဖွဲ့ (BCA) ၊ အမျိုးသား ရေ အေဂျင်စီ PUB ၊ ဓာတ်အားလိုင်း အော်ပရေတာ SP Group နှင့် HDB တို့သည် ဗုံးတွေ့ရှိသည့် ဆောက်လုပ်ရေးဆိုဒ်ကို အကဲဖြတ်မှု ပြီးစီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ညနေပိုင်းတွင် ဖေ့ဘွတ်ခ်တွင် ပြောသည်။

အနီးအနားရှိ ရေမြောင်းများ၊ ပိုက်လိုင်းများ၊ နေထိုင်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့သည့် အဆောက်အအုံများနှင့် လမ်းများသည် တည်ဆောက်ပုံအရ ဘေးကင်းကြောင်း တွေ့ရှိသလို နေထိုင်သူများ နေအိမ်သို့ ပြန်လာနိုင်ပြီဟု အသိပေးထားသည်။

စစ်ကျန်ဗုံး ဖောက်ခွဲရှင်းလင်းမှုကို SAF အမှုထမ်း ၄၀ ကျော် ပါဝင်လုပ်ဆောင်ခဲ့ဟု စင်္ကာပူစစ်တပ်က ဖေ့ဘွတ်ခ်ပို့စ်တခုတွင် ရေးသည်။

ပေါက်ကွဲမှု၏ သက်ရောက်မှုကို နည်းနိုင်သမျှ နည်းစေရန် စစ်သားများက သဲအိတ်များ၊ ကွန်ကရစ်တုံးများ သုံးပြီး ဗုံးဝန်းကျင်တွင် အကာအကွယ် တံတိုင်းတခု တည်ဆောက်ခဲ့ကြောင်း ယင်းက ပြောသည်။
စင်္ကာပူတွင် တွေ့ရှိသည့် အကြီးဆုံးသော စစ်ကျန် လက်နက်ပစ္စည်းတခု ဖြစ်မည်ဟု ယုံကြည်ရသည့် ယခုဗုံးကို ထိန်းချုပ်လုပ်ဆောင်သည့် ဖောက်ခွဲမှုနှစ်ခုဖြင့် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

100kg WWII bomb in Upper Bukit Timah successfully destroyed; residents can return home: Police
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly