ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်း၊ လိပ်သိုမြို့နယ်ခွဲ၊ ယာဒိုဒေသတွင် စက်တင် ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံထံမှ သိရသည်။
“တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ လာပစ်တာ။ ပရယ်ဆော်ရွာက အမျိုးသမီးနှစ်ယောက် ဒဏ်ရာရတယ်" ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ပရယ်ဆော်ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ တောင်ယာလုပ်နေသည့် အသက် ၈၀ အရွယ်ရှိ ဒေါ်ရာကေးလယ်နှင့် အသက် ၃၀ ကျော်အရွယ်ရှိ ဒေါ်မိချောတို့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဒဏ်ရာရအမျိုးသမီးနှစ်ဦးသည် လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး အနီးအနား ကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံတဦးထံက သိရသည်။
ယာဒိုဒေသခံများသည် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇူလိုင်လ ၁၁ ရက် နေ့မှစ၍ ဩဂုတ်လကုန်အထိ စစ်ဘေးရှောင်နေခဲ့ရာမှ စက်တင်ဘာလအစောပိုင်းတွင် နေအိမ်များ၌ပြန်လည် နေထိုင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
“ယာဒိုမှာ ရွာသုံးရွာရှိတယ်။ ဝါသောခို၊ ကလေထ၊ ပရယ်ဆော်။ လေကြောင်းကတိုက်ခိုက်ခံရတာက ပရယ်ဆော်ရွာ။ လေကြောင်းကတိုက်ခိုက်မှုပြီးတဲ့နောက် ဒေသခံတွေ ထပ်ပြီး စစ်ဘေးရှောင်နေရတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းက လိပ်သိုမြို့နယ်ခွဲ၊ မိတ်သလင်တောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ (၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်း တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
“မနေ့ကလည်း သံတောင်မြောက်ပိုင်း မိတ်သလင်ရွာမှာ ဗုံးလာကြဲတယ်။ အထိအခိုက်မရှိဘူး။ ရွာသား တွေတော့ ပြေးရပြီ" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း မိတ်သလင်တောင်ကျေးရွာ မှ ဒေသခံများ ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#သံတောင်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းပစ်ခတ်မှု