ဝေါတွင် စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ

By ရွှေနွယ် (မဇ္ဈိမ)
26 September 2023
ဝေါတွင် စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အထိုင်ချထားသည့် ကင်းစခန်းအား ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က KNLA၊ ABSDF၊ PDF ပူးပေါင်း တပ်ဖွဲ့မှ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

လက်ပန်ကျေးရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်ရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝေါ ပ.က.ဖ တာဝန်ရှိ သူမှ မဇ္ဈိမကိုပြောသည်။

“ရှေ့ပွိုင့်စခန်းပေါ့။ အနီးကပ်သွားပစ်တာပါ။ သူတို့ကင်းအဖွဲ့ထိပြီးတဲ့နောက် ကျန်တဲ့သူတွေ ထွက်ပြေး ကြတယ်” ဟု ဝေါ ပ.က.ဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုများရှိသောကြောင့် အပြန်အလှန်ပစ် ခတ်မှု ၂၅ မိနစ်ခန့်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစခန်း၌ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၃၀ ဦးခန့်ရှိပြီး ကင်းစောင့်နေသူများ တိုက်ခိုက်ခံ ရချိန်တွင် ကျန်သူများမှာ ထွက်ပြေးသွားကြကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တဦးသေဆုံးပြီး ပျူစောထီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းပေးများထံမှ ကနဦးသတင်းရရှိထားသည်ဟု ဝေါ ပ.က.ဖ တာဝန်ရှိသူမှပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G3 တလက်၊ ကျည်ဘောက်လေးခု၊ ၇.၆၂ ကျည် ၆၂ တောင့်နှင့် လက်ပစ်ဗုံးတလုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ပန်ကျေးရွာသည် စစ်တောင်းမြစ်ဝှမ်းနံဘေးတွင် တည်ရှိနေသည့် ရွာဖြစ်သည်။ ပဲခူးတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်တောင်းမြစ်ဝှမ်းဒေသစိုးမိုးရေး စစ်ဆင်ရေးများဆောင်ရွက်လာချိန်တွင် လက်ပန်ကျေးရွာအတွင်း PDF များ ဝင်ရောက်မလာနိုင်စေရန် စစ်ကောင်စီတပ်က ရွာအနီးပတ်ဝန်းကျင် တွင် လက်နက်ကြီးအထိုင်ချ တပ်ဆင်ထားခြင်း၊ နင်းမိုင်းထောင်ခြင်းများပြုလုပ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ နင်းမိုင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့က လက်ပန်ရွာမှအမျိုးသားတဦး ညာဘက်ခြေကျင်းဝတ်ပြတ်ဒဏ်ရာနှင့် မိုင်းဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသနေရဆဲဖြစ်သည်။

လက်ပန်ကျေးရွာမှဒေသခံအချို့မှာ စစ်ဘေးကိုစိုးရိမ်သောကြောင့် မြို့ပေါ်နှင့် အခြားကျေးရွာများမှ ဘုန်း ကြီးကျောင်းများတွင် သွားရောက်တိမ်းရှောင်နေကြကြောင်း သိရသည်။

စာတည်း။  ။စောဖေ

#ပဲခူးတိုင်း
#ဝေါမြို့နယ်
#စစ်ကောင်စီကင်းစခန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly