ဂျပန်နိုင်ငံတွင် မြန်မာပြည်တွင်းတိုင်းရင်းသားများအားရည်ရွယ်၍ ဖယ်ဒရယ်ပွဲတော် ကျင်းပမည်

By ကီရာ (မဇ္ဈိမ)
26 September 2023
ဂျပန်နိုင်ငံတွင် မြန်မာပြည်တွင်းတိုင်းရင်းသားများအားရည်ရွယ်၍ ဖယ်ဒရယ်ပွဲတော် ကျင်းပမည်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားဒေသများအတွက် ရည်ရွယ်၍ နွေဦးတော်လှန်ရေးမှသည် ဖယ်ဒရယ်အောင်ပွဲဆီသို့ ခေါင်းစဉ်ဖြင့် ဖက်ဒရယ်ပွဲတော်ကို စက်တင်ဘာ ၃၀ရက် နေ့လယ် ၂နာရီမှ ည ၇နာရီအထိနှင့် အောက်တိုဘာ ၁ရက် မနက် ၁၁နာရီမှ ည ၇နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖယ်ဒရယ်ပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ “ဗမာအပါအဝင် တိုင်းရင်းသားများအချင်းချင်းနှင့် ဂျပန်လူမျိုးများအကြား နားလည်မှုတိုးပွားပြီး ယဉ်ကျေးမှု ဖလှယ်နိုင်စေရန်၊ ဂျပန်မီဒီယာများမှာ မေ့ပျောက်ခံဖြစ်နေသည့် မြန်မာ့အရေးများ ပြန်လည်တင်ပြစေနိုင်ရန်၊ ရရှိလာသော အကျိုးအမြတ်များကို နွေဦးတော်လှန်ရေးမှာ ပါဝင်နေသော စစ်တပ်၏ ဖိနှိပ်ခြင်းခံနေရသည့် တိုင်းရင်းသားဒေသများဆီ လှူဒါန်းရန်ဖြစ်ပါတယ်”ဟု ဖက်ဒရယ်ပွဲတော် ကျင်းပရေးကော်မတီဝင်တဦးက ပြောသည်။

ထို့အပြင် ဖယ်ဒရယ်ပွဲတော်တွင် တေးဂီတများ၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယဉ်မှု၊ ရိုးရာအဆိုအကများ၊ ခေတ်ပေါ် သီချင်းများနှင့်အတူ တိုင်းရင်းသားရိုးရာ အစားအသောက်ဈေးဆိုင်ခန်းများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ဓာတ်ပုံပြခန်းများ စသဖြင့် ပါဝင်ထည့်သွင်းပြသသွားမည်ဖြစ်ပြီး ဝင်ကြေးအနေဖြင့် လက်မှတ် တစောင်ကို ဂျပန်ယန်း ၁,၀၀၀ သတ်မှတ်ထားကြောင်း ဖက်ဒရယ်ပွဲတော် ကျင်းပရေးကော်မတီဝင်တဦးက ဆက်ပြောပြသည်။

ယခုကျင်းပသည့် ဖယ်ဒရယ်ပွဲတော်သည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်ပွဲတော်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ကာ အဆိုပါ ပထမအကြိမ်ပွဲတော်တွင် လက်မှတ်ရောင်းရငွေများ ၊အလှူငွေများ ၊ အစားအသောက် အသုံးအဆောင် ရောင်းရငွေများ စုစုပေါင်း ဂျပန်ယန်း ၃,၁၉၅,၃၈၀ ရရှိပြီး ယင်းအချိန် ယန်းပေါက်‌ဈေးအရ မြန်မာငွေကျပ် သိန်း ၆၄၀ ဝန်းကျင် ရရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly