ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ဖယ်ရှားခံရ

By 001 (မဇ္ဈိမ)
25 September 2023
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ဖယ်ရှားခံရ

လာဘ်စားမှုများဖြင့် စစ်ဆေးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားလိုက်ပြီး အဖွဲ့ကိုလည်း အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် အဆိုပါ ရာထူးမှလည်း ဖယ်ရှားခံရပြီး ၎င်း၏နေရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အစားထိုးဝင်ရောက်လာသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၈ ဦးရှိသည့် စစ်ကောင်စီတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ နှစ်ဦး ဖယ်ရှားခံ လိုက်ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က စစ်ကောင်စီအဖွဲ့ဝင် အသစ်များအဖြစ် ခန့်အပ်ခံရသည်ကို တွေ့ရသည်။

“ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်သည်” ဟု စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

အလားတူ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင်ကိုလည်း တာဝန်က အနားပေးလိုက်ပြီး လစ်လပ်သွားသည့် စီးပွား၊ ကူးသန်း ပြည်ထောင်စုဝန်ကြီးနေရာတွင် ဦးထွန်းအုံက တာဝန်ယူမည်ဖြစ်ကာ ဒုတိယဝန်ကြီးအဖြစ် ဦးမင်းမင်းက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ယခုရာထူးအရွှေ့အပြောင်း စာရင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကို ထုတ်ပယ်ခြင်း၊ အစားထိုးခြင်းနှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတဦး ခန့်အပ်ခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

စာတည်း။   ။ နောင်နောင်

#စိုးထွဋ်
#Mizzima
#မိုးမြင့်ထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly