မြိုင်တွင် တိုက်ပွဲအတွင်း ပြည်သူကို ကယ်ထုတ်နေသည့် PDF ရဲဘော်လက်နက်ကြီးထိမှန်ကျဆုံးဟုဆို

By KMN (မဇ္ဈိမ)
25 September 2023
မြိုင်တွင် တိုက်ပွဲအတွင်း ပြည်သူကို ကယ်ထုတ်နေသည့် PDF ရဲဘော်လက်နက်ကြီးထိမှန်ကျဆုံးဟုဆို
ပုံအညွှန်း - မြိုင်မြို့နယ် အိုရင်းရွာနှင့်ရွာသစ်ရွာ မြေပုံ။ (Photo - mygtroopnews)

မကွေးတိုင်း ၊ မြိုင်မြို့နယ်၊အိုရင်းရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်စဉ် ဒေသခံပြည်သူများကိုကာကွယ်ရင်း PDF ရဲဘော်တဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကြောင်း Myaing Intelligence Group (MIG)မှ တာဝန်ရှိသူက ပြောသည်။ 

ပခုက္ကူမြို့နယ်၊ညောင်ဂျစ်ပင်ပျူရွာမှ  စစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ်တောင်ပိုင်းရှိ အိုရင်းရွာနှင့်ရွာသစ်ရွာကို ရုတ်တရက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းဟု သိရသည်။ 

ဘေးလွတ်ရာထွက်ပြေးနေသည့်   ပြည်သူများကို ကယ်ထုတ်နေသော  ဒေသကာကွယ်ရေး ရဲဘော်တဦးနှင့် ပြည်သူတဦးသည် လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟု Myaing Intelligence Group (MIG) အဖွဲ့ဝင်ကိုမိုးမှောင်က ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့လည် ၂ နာရီ ဝန်းကျင်တွင်မဇ္ဈိမကို ပြောသည်။

"သေဆုံးရဲဘော်ကတော့ ဒေသခံ ပကဖအဖွဲ့ကပဲ။သေဆုံးတဲ့ပြည်သူကတော့အမျိုးသားလို့သိရပါတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မြေပြင်အခြေအနေမတည်ငြိမ်သေးလို့ မသိရသေးဘူး" ဟု 
၎င်းက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည်   အိုရင်းရွာနှင့်ရွာသစ်ရွာကို ဝင်ရောက်စီနင်းပြီးနောက် ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အိုရင်းရွာအရှေ့ဘက်ရှိ စိုတွင်းရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့သည်ဟု သိရသည်။ ထို့နောက် ယနေ့နံနက်တွင် အိုရင်းရွာနှင့်ရွာသစ်ရွာဘက်သို့ ပြန်လည်ဝင်ရောက်ကာ ထပ်မံ စစ်ကြောင်းထိုးနေကြောင်းသိရသည်။ အပြန်အလှန်ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီဘက်မှထိခိုက်မှုကို မသိရသေးကြောင်း ဒေသကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် အိုရင်းရွာနှင့်ရွာသစ်ရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ညနေအထိ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စာတည်း - အေးချမ်း
#mizzima
#မြိုင်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#MIG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly