အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ် သျှန်တိနိကေတန် မြို့မှ ပြစ်မှုကျူးလွန်သူများ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည် ဆိုသည့် မြန်မာကျောင်းသားတဦးကို ဒေသရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဩရိဿပြည်နယ်မှ ဘေးကင်းစွာ ပြန်လည်ကယ်တင်ပေ;ခဲ့သည်ဟု အိန္ဒိယပြည်တွင်းသတင်းများအရ သိရသည်။
ဘလာဆောမြို့မှ ဒေသရဲတပ်ဖွဲ့၏ အကူအညီနှင့်အတူ မက်ဒီနီပူရ် မြို့ရဲတပ်ဖွဲ့က အဆိုပါ မြန်မာကျောင်းသားကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်နှင့် ဆက်နွယ်ပြီး လူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ စီစီတီဗွီ ရုပ်သံများ ပြန်လည်စစ်ဆေးခြင်းနှင့် မိုဘိုင်းဖုန်း ခြေရာခံစောင့်ကြည့်မှုများ ပြုလုပ်ပြီးနောက် အဆိုပါ တရားခံအားလုံးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ကယ်တင်ပေးခဲ့ရသည့် ကျောင်းသားသည် မြန်မာနိုင်ငံသားတဦးဖြစ်ပြီး ၎င်းသည် သျှန်တိနိကေတန်ရှိ Visva Bharati တက္ကသိုလ်တွင် ပါရဂူဘွဲ့အတွက် တက်ရောက်သင်ကြားနေသူဖြစ်ကြောင်း သိရသည်။
ထိုကျောင်းသား ပြန်ပေးဆွဲခံရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းအတိအကျကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ထိုဖြစ်စဉ်သည် ငွေကြေးအငြင်းပွားမှုတချို့၏ အကျိုးဆက်ကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။
ဖမ်းဆီးခံရသည့် တရားခံ ၁၂ ဦးအနက် သုံးဦးသည် ဒူဘာရာဂျ်ပူရ် မြို့မှ ဖြစ်ပြီး ရှစ်ဦးသည် မက်ဒီနီပူရ် အရှေ့ဧရိယာမှ ဖြစ်ကြောင်း ရဲများက ပြောသည်။