ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သားနှစ်ဦး လက်ပစ်ဗုံး၊ ကျည်ဆံများနှင့် ခိုလှုံ လာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) တပ်ရင်း(၂)က ယနေ့စက်တင်ဘာလ ၂၄ ရက်တွင်ထုတ် ပြန်သည်။
မတူပီအခြေစိုက် စစ်ဗျူဟာရုံးမှတပ်သားနှစ်ဦးဖြစ်သော ရဲဘော်မိုးအောင်နှင့် ရဲဘော်တိုးနိုင်ဝေတို့ စက်တင်ဘာလ ၁၈ ရက်နေ့က ခိုလှုံဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“တပ်တွင်းမှာ ဖိအားတွေ တအားပေးတယ်။ လစာလည်း အပြည့်မပေးဘူး။ စစ်အာဏာရှင် လက်အောက် မနေချင်တော့ပဲ ပြည်သူတွေနဲ့အမှန်တရားအတွက် ရပ်တည်ချင်တော့တဲ့အတွက် ထွက်လာခဲ့တာလို့ပြော တယ်” ဟု စစ်ကောင်စီတပ်သားများဝန်ခံချက်ကို CDF–Matupi တပ်ရင်း(၂) တာဝန်ရှိသူက မဇ္စျိမကိုပြော သည်။
စစ်ကောင်စီတပ်သားနှစ်ဦးသည် ၎င်းတို့နှင့်အတူ လက်ပစ်ဗုံး နှစ်လုံး၊ MA ကျည်ဆံ ၁၂၂ တောင့် ယူဆောင် လာခဲ့ကြောင်း သိရသည်။ သေနတ်ပါမလာသည့်အတွက် တပ်ဖွဲ့မှသတ်မှတ်ထားသော ကျပ်သိန်း ၆၀ မချီးမြှင့်နိုင်သော်လည်း ၎င်းတို့လိုအပ်သော အသုံးအဆောင်အဝတ်အထည်များဝယ်ပေးပြီး လွတ်မြောက် နေရာသို့ ပို့ဆောင်ပေးရန်တာဝန်ယူထားကြောင်း ဆိုသည်။
မတူပီမြို့တွင် စစ်ဗျူဟာရုံးထိုင်ထားပြီး ၎င်းလက်အောက်တွင် ခလရ(၃၀၄)နှင့် ခလရ(၁၄၀) တပ်ရင်း နှစ် ရင်းရှိပြီး CDF–Matupi တပ်ရင်း(၂)ထံ စစ်ကောင်စီတပ်သားခုနစ်ဦး လာရောက်ခိုလှုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အာဏာရှင်တိုက်ဖျက်သည့်တော်လှန်ရေးတွင် လူငယ်များအနစ်နာခံ လုပ်ကိုင်ဆောင်ရွက် နေချိန်တွင် စစ်ကောင်စီလက်အောက်မှ တပ်သားများအနေဖြင့် ပြည်သူဖက်ရပ်တည်ပြီး ၎င်းတို့နှင့် အမြန် ဆုံးလာရောက်ပူးပေါင်းရန် တပ်ရင်း(၂) တာဝန်ရှိသူက ဖိတ်ခေါ်ထားသည်။
ဩဂုတ်လ ၂၈ ရက်နေ့ကလည်း မတူပီအခြေစိုက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်တို့ သေနတ်နှစ်လက်ဖြင့် CDF–Matupi ထံ ခိုလှုံလာသဖြင့် တဦးလျှင်ကျပ်သိန် ၆၀ စီ ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
စာတည်း။ ။စောဖေ