ချောက် မြို့မရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

By MTO (မဇ္ဈိမ)
24 September 2023
ချောက် မြို့မရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ပုံအညွှန်း - ချောက်မြို့ မရဲစခန်း

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းကို စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force(C.G.F) အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

လက်ပစ်ဗုံးသည် စခန်းအတွင်းမှ ဘန်ကာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများရှိနိုင်ကြောင်း C.G.F အဖွဲ့တာဝန်ရှိသူက ဆိုသည်။

“လက်ပစ်ဗုံး တလုံးပစ်သွင်းခဲ့တာ။ ကျနော်တို့ကိုမြင်တော့ သူတို့ကလိုက်ပစ်တယ်။ ကျနော်တို့လည်း သုံး ချက်ပြန်ပစ်ခဲ့ပြီး ဆုတ်ခွာခဲ့ပါတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပါဘူး” ဟု ၎င်းကပြော သည်။

ချောက်မြို့ရဲစခန်းတွင် ရဲနှင့်စစ်သား အင်အား ၃၀ ခန့်ရှိပြိး ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်း၊ လူငယ်များ ကို ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိကြောင်း C.G.F မှ တာဝန်ရှိသူက ဆိုသည်။

 “ ကာကွယ်ရေးအဖွဲ့တွေနဲ့အဆက်အသွယ်မရှိဘဲ ဆက်သွယ်တယ်ဆိုပြီးဖမ်း၊ စစ်လို့ဘာမှမဟုတ်တော့ ငွေတောင်းပြီး ပြန်လွတ်တာတွေလုပ်တယ်”ဟု ပြောကြားသည်။

ယင်းအပြင် မြို့မရဲစခန်းရှိ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူပေးသည့်လစာကိုယူပြီး ပြည်သူ ကိုကာကွယ်ရမည့်အစား စစ်အာဏာရှင်အလိုကျဆောင်ရွက်နေခြင်းများရပ်တန့်ပြီး ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်းရန် C.G.F အဖွဲ့ တာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။

“ပြည်သူနဲ့မပူးပေါင်းသူမှန်သမျှကို ရတဲ့နည်းလမ်းနဲ့သုတ်သင်သွားမှာဖြစ်တဲ့အတွက် အမြန်ဆုံး ပြည်သူနဲ့ ပူးပေါင်းကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F)၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မကွေး ခရိုင် အမှတ်(၂)ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

စာတည်း။  ။စောဖေ

#မကွေးတိုင်း
#ချောက်မြို့
#မြို့မရဲစခန်း
#Chauk_Guerrilla_Force(C.G.F)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly