ပြည်ပလုပ်သားများ၏ လစာမဟုတ်သည့် ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် အခွန်ပေးဆောင်ရမည်

By ဂျူချန်း၊ ၀၀၁ (မဇ္ဈိမ)
23 September 2023
ပြည်ပလုပ်သားများ၏ လစာမဟုတ်သည့် ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် အခွန်ပေးဆောင်ရမည်
ပုံအညွှန်း- ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် MOU လုပ်သားများ(ဓာတ်ပုံ_ ပုံဟောင်း)

ပြည်ပရောက် မြန်မာလုပ်သားများထံမှ လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၄ မတ်လကုန်အထိ လစာမဟုတ်သည့် ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ရမည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေပြဌာန်းလိုက်ကြောင်း ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် သတင်းစာတွင် ကြေညာထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက် ရက်စွဲဖြင့် အတည်ပြုခဲ့သည့်  ထိုဥပဒေတွင်“ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(က)ပါ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ရရှိသည့်နိုင်ငံခြားငွေအမျိုးအစားဖြင့် ၁၀ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်" ဟု ဖော်ပြထားသည်။

ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၈  ပုဒ်မခွဲ(က) အရ ဝင်ငွေများကို လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊  ပစ္စည်းဌားရမ်းခ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ ၊ အခြားရလမ်းများမှ ဝင်ငွေဟု၍ ခေါင်းစဥ်အလိုက် သတ်မှတ်ထားသည်။

ယခု ပြင်ဆင်လိုက်သည့် ဥပဒေအရ လာမည့် ခြောက်လတာ ကာလအတွင်းပြည်ပတွင် အလုပ်လုပ်နေသည့် လုပ်သားများ၏ အချိန်ပိုအလုပ်မှ ရရှိသည့် ဝင်ငွေ၊  ဆရာဝန်၊ ပန်းချီဆရာ၊ အင်ဂျင်နီယာ စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူများ ၊  ကုန်သွယ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများ ၊  မြေနှင့် အဆောက်အအုံ ပိုင်ဆိုင် ဌားရမ်းရာမှ ရရှိသည့် ဝင်ငွေ အစရှိသည့် ဝင်ငွေ  ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဖြစ်သည်။

“လစာအပြင် အိုဗာတိုင် ဆင်းလို့ ရသွားတဲ့ငွေတွေရှိမယ်။ အခြေခံအလုပ်ကနေလွဲပြီးတော့မှ ကျန်တဲ့အချိန်တွေမှာ လုပ်လို့ရတဲ့ အလုပ်ကနေပြီးတော့ပဲ ရတဲ့ငွေကနေ ၁၀ ရာခိုင်နှုန်းကို သူကောက်တော့တာဖြစ်တယ်။ အမှန်ကတော့ အခြေခံလစာ အပေါ်ကောက်မယ်ဆို သတ်မှတ်နှုန်းထားရှိတယ်။ ပြည်တွင်းမှာဆို သိန်း သုံးရာနဲ့အထက် ဝင်ငွေရတယ်ဆိုရင် တော့ သူ့သတ်မှတ်နှုန်းထားနဲ့ ဝင်ငွေခွန်ရှိတယ်ပေါ့။ အခြေခံလစာတွေမှာတော့ ဝင်ငွေခွန်ကောက်ခံခွင့် မရှိဘူး” ဟု ဥပဒေပညာရှင်က ပြောသည်။

 စစ်ကောင်စီသည် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရန် ဆောင်ရွက်ခြင်းမရှိသည့်အပြင် စားဝတ်နေရေး အတွက် ပြည်ပတွင်အလုပ်လုပ်ကိုင်နေရသူများအပေါ် မရရသည့် နည်းလမ်းဖြင့် ခေါင်းပုံဖြတ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ထိုင်းရောက် MOU လုပ်သားတဦးက ပြောသည်။

“သူတို့တွေကလေ မြန်မာနိုင်ငံမှာလည်း လုပ်စားလို့ရအောင် မလုပ်ပေးဘူးဟာ။ နိုင်ငံခြားထွက်တဲ့သူစီကနေလည်း ဖြတ်လုပ်ဖြတ်စားဟာ။ အစိုးရဘဏ်ထဲကို လွှဲရတာ။ လွှဲပြီး ပိုက်ဆံတွေဘာတွေဖြတ်ပြီးတော့မှ ကိုယ့်အကောင့်ထဲရောက်တာ” ဟု ထိုင်းရောက် MOU လုပ်သားတဦးက ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက “အရင်တုန်းက ဦးသိန်းစိန်တက်တော့ မဆောင်ရတော့ဘူးလေ။ အဲ့ဒီကတည်းကနေ မဆောင်ရတာ။ အကြံကုန်တော့ ဂဠုန်ဆားချက်ပြီပေါ့။ ပြည်ပကလူတွေ ပေးဖို့သာပြင်ထားတော့။ သူတို့က Passport သက်တမ်းတိုးတဲ့အခါကျရင် အခွန်မဆောင်လို့ရှိရင် တိုးမပေးဘူးလေ”ဟု ပြောသည်။

ယင်းကဲ့သို့ မတရားဥပဒေပြု သတ်မှတ်ခြင်းမှာ အစိုးရတရပ်၏ လုပ်ရပ်မဟုတ်ဘဲ မိမိနိုင်ငံသားများအား ဓားပြပြန်တိုက်နေသည့် လုပ်ရပ်ဖြစ်ကြောင်း ဥပဒေပညာရှင်တဦးက မှတ်ချက်ပြုသည်။

“နစကအနေနဲ့ သူတို့လိုချင်တဲ့ အတိုင်းအတာတရပ်ကို သူတို့ဘာသာ ပြင်ဆင်ပြဌာန်းတာက ဒါဥပဒေနဲ့အညီမဟုတ်ဘူး။ မတန်တဆ အခွန်ငွေတွေကို တိုးခွင့်မရှိဘူး။ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ အခွန်ပေးရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ၁၀ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းက မတန်တဆ တိုးမြှင့်ကောက်ခံတာကျတော့ ဒါဥပဒေနဲ့အညီမဟုတ်ဘူး ဒါဓားပြတိုက်တာ။ ” ဟု ဥပဒေပညာရှင်တဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်တွင်လည်း ပြည်ပရောက်မြန်မာနိုင်ငံသားများသည် လစာ၏ ၂၅ ရာခိုင်နှုန်းကို နိုင်ငံတွင်းသို့ စစ်ကောင်စီမှ သတ်မှတ်နှုန်းထားများဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်များမှတဆင့် ပြည်တွင်းသို့ မဖြစ်မနေ ပြန်လွှဲပေးရမည်ဟု သတ်မှတ်ခဲ့သည်။

ကြီးမြင့်လာသည့် စစ်အသုံးစားရိတ်များနှင့်အတူ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် စစ်ကောင်စီ၏ နိုင်ငံခြားလိုငွေကို ရသည့် နည်းလမ်းဖြင့် ရှာဖွေနေပြီး ပြည်ပရောက် မြန်မာလုပ်သားများအပေါ် ခေါင်းပုံဖြတ်ရန် မတရားကြိုးပမ်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ဥပဒေပညာရှင်များက သုံးသပ်ပြောဆိုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly