ရွှေတုံးများဖြင့် ပုံသည် ဒုတိယကမ္ဘာစစ်အတွင်း စွန့်ပစ်ထားသည်ကို ရှာဖွေ့တွေ့ရှိခဲ့ခြင်းမဟုတ် 

By JC ( မဇ္ဈိမ)
22 September 2023
ရွှေတုံးများဖြင့် ပုံသည် ဒုတိယကမ္ဘာစစ်အတွင်း စွန့်ပစ်ထားသည်ကို ရှာဖွေ့တွေ့ရှိခဲ့ခြင်းမဟုတ် 

ဒုတိယ ကမ္ဘာစစ်အတွင်း ဝှက်ထားခဲ့သည့် ရွှေတုံးများအား ပုံတွင်ပြထားသည့် လူတဦးက ရှာဖွေတွေ့ရှိခဲ့သည်ဟူသော သတင်းနှင့် ဓာတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ ၂၀၀၃ ခုနှစ်ကတည်းက အီရတ်တွင် အမေရိကန် စစ်တပ်က ကားတစီးပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် ရွှေတုံးများဖြစ်သည်။

Creative News အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတခုတွင် စက်တင်ဘာလ ၁၉ ရက်နေ့၌ “ကံကောင်းလွန်းတဲ့ ရှာဖွေတွေ့ရှိမှု : ဒုတိယကမ္ဘာစစ်အတွင်းမှာ စွန့်ပစ်ထားခဲ့တဲ့ ရွှေတုံး ၉,၉၉၉ ခုကို ဒီလူကရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟူသောခေါင်းစဉ်ဖြင့် ဓါတ်ပုံတပုံနှင့်တူ ဒုတိယကမ္ဘာစစ်အတွင်း သုံးခဲ့သည့် စစ်စခန်းဟောင်းများအား ရှာဖွေရင်း အလုံပိတ်အခန်းတခုတွင် ဝှက်ထားသည့် ရွှေတုံး ၉,၉၉၉ ခုကို ဥရောပ နိုင်ငံသားတဦးက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖြန့်ဝေထားသည်။ 

ဓာတ်ပုံတွင်လည်း ရွှေတုံးများနှင့်အတူ မတူညီသည့် စစ်သားနှစ်ဦး၏ ပုံနှင့်တကွ “စစ်တပ်စခန်းဟောင်းတခုကနေ ရွှေချောင်းပေါင်း ၉,၉၉၉ ခုကို ရှာဖွေတွေ့ရှိခဲ့သူ” ဟူသည့် စာတန်းကို ရေးသားဖော်ပြထားသည်။ ဖော်ပြထားသည့် သတင်းထဲတွင် မည်သည့်အချိန်တွင် ထိုသို့ရှာဖွေတွေ့ရှိခဲ့ကြောင်းကိုလည်း ဖော်ပြထားခြင်း မရှိပေ။  

မဇ္ဈိမ အချက်အလက် စစ်ဆေးသူများက ထိုပုံနှင့် အကြောင်းအရာကို စစ်ဆေးခဲ့ရာ ထိုရွှေတုံးများမှာ အီရတ်တွင် အမေရိကန် စစ်တပ်ကကားတစ်စီးပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် ရွှေတုံးများ ဖြစ်ကြောင်း တွေ့ရသည်။ 

ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် မေလအတွင်းတွင် အီရတ်နိုင်ငံ အနောက်ပိုင်း ဆီးရီးယားနယ်စပ်တွင် အမေရိကန်စစ်သားများ လုံခြုံရေးကင်းလှည့်နေစဉ် ကားတစီးကို စစ်ဆေးရာမှ ရွှေတုံးများအား ရှာဖွေတွေ့ခဲ့သည့် ဖြစ်စဉ်မှ ဓာတ်ပုံဖြစ်သည်။

ဤအကြောင်းကို NZ Herald သတင်းဌာနတွင် ၂၀၀၃ ခုနှစ် မေလ ၂၄ ရက်နေ့၌ သတင်းဖော်ပြခဲ့သည်။
လင့် - https://shorturl.at/nsDTU

ထိုပုံများဖြင့် သတင်းတုများ များစွာထွက်ပေါ်ခဲ့ပြီး ထိုပုံတွင်ပါဝင်သည့် စစ်သားသည် မာလီနိုင်ငံမှ ဟုဆိုကာ ဖြန့်ဝေမှုများရှိခဲ့သည်။ ထိုအကြောင်းကို Africa Check မှ အချက်အလက် စစ်ဆေးထားပြီး ထိုပုံသည် ၂၀၀၃ ခုနှစ်တွင် အမေရိကန် တပ်များက အီရတ်၌ သိမ်းယူခဲ့သည့် ရွှေတုံးများဖြစ်ကြောင်း ဆိုထားသည်။ လင့် - https://shorturl.at/oIO27

ထို့ပြင် အမေရိကန်စစ်တပ်များ၏ သတင်းကို ဖော်ပြလေ့ရှိသည့် Stripes မီဒီယာကလည်း ၂၀၀၃ ခုနှစ်‌ မေလတွင် အမေရိကန် စစ်သားများမှ ဒေါ်လာ သန်း ၈၀ မှ သန်း ၁၀၀ ကြားတန်ကြေးရှိ ရွှေတုံးများကို အီရတ်ထံမှ သိမ်းဆည်းရမိကြောင်း သတင်းဖော်ပြထားသည်။ လင့် - https://shorturl.at/oruwA

သတင်းဌာနများ၏ ဖော်ပြချက်အရ ထိုရွှေများသည် အလုံပိတ်အခန်းတခုမှ ဒုတိယကမ္ဘာစစ်တုန်းအတွင်း ရွှေတုံးများအား ဥရောပသား တစ်ယောက်က ရှာဖွေတွေ့ရှိခဲ့သည်မှာ အမှန်မဟုတ်ဘဲ ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံ၌ ကုန်တင်ကားတစီးပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် ရွှေတုံးများဖြစ်သည်။ 
ထို့ကြောင့် သတင်းတုသည် ပုံဟောင်းဖြင့် သတင်း အကြောင်းအရာကို လိုသလိုပြုပြင်ကာ ဖန်တီး ဖြန့်ဝေထားသည့်သတင်းတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly