လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသည့် ယူနတီသတင်းထောက် ကိုသဲရာဇာဦး နှင့် တွေ့ဆုံခြင်း

လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသည့် ယူနတီသတင်းထောက် ကိုသဲရာဇာဦး နှင့် တွေ့ဆုံခြင်း
ဓါတ်ပုံ ခင်မြင့်မောင်(မြစ်ခြေ)

မြန်မာနှစ်ဆန်း(၁)ရက်နေ့က နိုင်ငံတော်သမ္မတကြီးရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ယူနတီဂျာနယ် သတင်းထောက်(၄)ဦးအနက် ကိုသဲရာဇာဦးကို မဇ္ဈိမ မကွေးသတင်းထောက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဇ္ဈိမ- မင်္ဂလာပါအစ်ကို။ အစ်ကို အခုလို လွတ်မြောက်လာတာ ဝမ်းသာပါတယ်။ အခုအစိုးရသစ်လက်ထက်မှာရော မီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားသလဲ။ ဘယ်လို ယုံကြည်ထားသလဲ။

ကိုသဲရာဇာဦး- ဘာယုံကြည်သလဲဆိုတော့ ကျွန်တော်တို့က ဒီNLDအစိုးရသစ်လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်ကတော့ အရင် ဦးသိန်းစိန်အစိုးရလက်ထက်ကထက် အများကြီးရလာနိုင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အပိုင်း(၂)ပိုင်း စဉ်းစားကြည့်မိတယ်။ အစိုးရပိုင်းရယ်၊ တပ်ပိုင်းဆိုင်ရာရယ်။ ဒါလေးက ပြန်စဉ်းစားစရာပေါ့နော်။ဆိုလိုတာက ဒီအစိုးရပိုင်းမှာတော့ မီဒီယာအနေ နဲ့ လွတ်လွတ်လပ်လပ် ဝေဖန်ထော်ပြလို့ရနိုင်မယ်။ တပ်ပိုင်းဆိုင်ရာကတော့ လက်ရှိအချိန်မှာ အကဲဆတ်တဲ့အနေအထား ရှိနေသေးတဲ့အတွက် တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကိုတော့ ကျွန်တော်တို့သတိထားပြီး လုပ်ရမယ်။ သတိထားပြီး ရေးရမယ့် အနေအထားရှိနေသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့က အရင် mindset တွေက မပျောက်သေးဘူး။ အဲဒါကြောင့် ကျွန်တော် က(၂)ပိုင်းလို့ မြင်တာ။ တပ်ပိုင်းဆိုင်ရာသတင်းတွေကိုတော့ အရင်လိုပဲ သတိထားပြီး လုပ်ရကိုင်ရဦးမယ့် အခြေအနေလို့ပဲ မြင်တယ်။

မဇ္ဈိမ- အစ်ကိုဆိုလိုတာက တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို မီဒီယာသမားတွေအနေနဲ့ သတိထားရေးသား ဖော်ပြရဦးမယ်ပေါ့။ ဘာကြောင့်များ ဒီလိုတွေးမိတာလဲခင်ဗျ။

ကိုသဲရာဇာဦး- ဘာလို့လဲဆိုတော့ ကျွန်တော်တို့အစိုးရအဖွဲ့ပုံစံကလည်း အစ်ကိုသိတဲ့အတိုင်း ကာကွယ်ရေးဦးစီးချုပ်က သမ္မတ ထက်ပိုပြီး အာဏာရှိနေတဲ့အခြေအနေမှာဆိုတော့။ အစိုးရအဖွဲ့က ဖမ်းတာဆီးတာ၊ တရားဆွဲတာတွေဆိုတာက ပြည်ထဲရေးဝန် ကြီးဋ္ဌာနက လုပ်တာ။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြည်ထောင်စုဝန်ကြီးဆိုတာက ကာကွယ်ရေးဦးစီးချုပ်က ခန့်တာဆိုတော့ တပ် ပိုင်းဆိုင်ရာ သတင်းတွေကိုတော့ မီဒီယာသမားတွေ သတိထားရမယ့် အခြေအနေမှာတော့ ရှိတာပေါ့။

မဇ္ဈိမ- ဟုတ်ကဲ့။ အစ်ကိုအနေနဲ့ မီဒီယာအလုပ်ကိုပဲ ပြန်လုပ်ဦးမှာလား။

ကိုသဲရာဇာဦး- ဆက်ပြီးတော့ လုပ်ရမှာပေါ့။ ကျွန်တော်တို့ကို ထောင်(၁၀)နှစ် စချကတည်းက ကျွန်တော်ထင်တယ်။တပ်ကနေပြီး တော့ သူတို့နဲ့သက်ဆိုင်တဲ့ကိစ္စတွေကို မီဒီယာသမားတွေ မတို့ဖို့မထိဖို့ စံပြအနေနဲ့ ထောင်ချခဲ့တာ။ ဒါကို ကျွန်တော်တို့ ကြောက်ရွံ့သွားစရာမလိုဘူး။ ယုံကြည်ချက်တွေ ပျောက်သွားစရာမလိုဘူး။ ထောင်ကလွတ်တော့လည်း ကျွန်တော်တို့ယုံကြည်ချက်တွေ ပျောက်မသွားဘူး။ မီဒီယာလောကထဲမှာပဲ ကျွန်တော်တို့ ယုံကြည်ချက်အတိုင်း ရှိနေဦးမယ်။

မဇ္ဈိမ- ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးပါပဲ အစ်ကို။

ကိုသဲရာဇာဦး- ဟုတ်ကဲ့ ကျွန်တော်လည်း အခုလိုဖြေကြားခွင့်ရတာ မဇ္ဈိမသတင်းဋ္ဌာနကို ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly