ငါန်းဇွန်မြို့နယ် ဒရုန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီဘက်မှ  ၃၀ အထက်သေဆုံး 

By ဓါတု (မဇ္ဈိမ)
21 September 2023
ငါန်းဇွန်မြို့နယ် ဒရုန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီဘက်မှ  ၃၀ အထက်သေဆုံး 
ပုံအညွှန်း- စက်တင်ဘာလအတွင်း ဒရုန်းမစ်ရှင်ပြုလုပ်ခဲ့သည့်နေရာများ(ဓာတ်ပုံ-ကာကွယ်ရေး ပူးပေါင်းတပ်များ)

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်တွင် ယခု စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ဒရုန်းစစ်ဆင်ရေးများကြောင့်စစ်ကောင်စီတပ်သား ၃၀ ဦးအထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ဒရုန်းမစ်ရှင် ပြုလုပ်ခဲ့သည့် ပူးပေါင်းကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များကို မဇ္ဈိမက စုပေါင်း ဖော်ပြထားခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုများအတွင်း ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များဘက်မှထိခိုက်ကျဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။ 

" ဒီနေ့တော့စစ်ကြောင်းမထိုးဘူး။ အထိုင်ချတပ်စွဲထားတဲ့ ကန်သာရွာမှာမရှိတော့ဘူး။ သူတို့(စစ်ကောင်စီ) အောင်သာရွာနဲ့ရေဇင်းရွာကိုရောက်သွားကြပြီ"ဟု Black Eagle Drone Force-MMU တာဝန်ခံကမဇ္စျိမကိုပြောသည်။

အဆိုပါမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် ကျေးရွာတိုင်း နှင့် အထိုင်ချတပ်စွဲထားသည့် ကျေးရွာတိုင်းတွင် ဒရုန်းမစ်ရှင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထုတ်ပြန်ထားသည့်စာရင်းများအရ စက်တင်ဘာလ ၁ ရက်မှစ၍ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့အထိ  ဒရုန်းစစ်ဆင်ရေး ကိုးကြိမ်အထက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သားကျင်၊ဘေးဆောင်၊လက်ပံသာ(တလင်းကုန်း)၊ လင်္ကာဒီပ၊ငါန်းမြှာ၊ကျီကုန်း၊ကန်သာကျေးရွာ နှင့် ငါန်းဇွန်နယ်စပ်ရှိ မြောင်မြို့နယ်၊မြင်းမူမြို့နယ်ရှိ ရွာများတွင်  ထိုမစ်ရှင်များ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ 

ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများကို မဇ္ဈိမက သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ 

ဗုံးကြဲတိုက်ခိုက်ရာ၌ စစ်ဆင်‌ေရးတကြိမ်လျှင် ဗုံးသီးအနည်းဆုံး သုံးလုံးမှ အများဆုံး ရှစ်လုံးအထိ သုံးခဲ့ပြီး  ယခုလစစ်ဆင်ရေးအတွင်း ဗုံးသီး ၂၆ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ထို့အပြင်  ဒရုန်းစစ်ဆင်ရေးပြီးတိုင်း စစ်ကောင်စီတပ်ဘက်မှ ၆၀ မမလက်နက်ကြီး အပြင်လက်နက်ငယ်များဖြင့်လည်း ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယင်းစစ်ဆင်ရေးများကို Black Eagle Defence Force-MMU၊ Black Eagle Drone Force-MMU၊ မြင်းမူမြို့နယ် ပကဖ၊ TGR People's Defense Force-Myaung၊ TGR Women Drone Force-Myaung၊ ငါန်းဇွန်မြို့နယ် ပကဖ၊ ကျောက်ဆည်ခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃ နှင့် ငါန်းဇွန်မီးနဂါး စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly