လောင်းလုံးမြို့ ရဲစခန်းအနီး အထိုင်စကစတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By ကိုရွှေမြိတ်(မဇ္ဈိမ)
21 September 2023
လောင်းလုံးမြို့ ရဲစခန်းအနီး အထိုင်စကစတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မ ရဲစခန်း အနီးရှိ အထက်တန်း စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း DDT တပ်ခွဲ (၃) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀ ကျော်ဖြင့် တပ်စွဲထားပြီး လမ်းသွား၊ လမ်းလာ ပြည်သူများကို စစ်ဆေးရန် ပြင်ဆင်နေစဉ် DDT တပ်ခွဲ (၃) နှင့် ထားဝယ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းပြီး အလစ်ငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ကို ၄၀ မမ လက်နက်ကြီးအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။

"ကျောင်းထဲမှာ တပ်စွဲထားတာ စစ်သားနဲ့ ပျူတွေ ၁၀ ဦး ကျော်လောက် ရှိတယ်၊ သူတို့ ထွက်လာ ချိန်ကို ကျွန်တော်တို့ ရဲဘော်တွေ စောင့်ပြီး  ၄၀ မမ နဲ့ လက်နက်ငယ်တွေ သုံးပြုပြီး ပစ်ခတ် တိုက်ခဲ့တယ်”ဟု DDTတပ်ခွဲ (၃) မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

နှစ်ဖက်အပြန်အလှန် ၁၀ မိနစ်ခန့် ကြာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး စစ်ကူလာ၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ဒေသအခြေပြု PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။ 

စကစ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးမှုအပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။

ယင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စာသင်ကျောင်း အနီးရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း လောင်းလုံးမြို့ (စရဖ) ရုံးမှ ဗိုလ်ကြီးတဦး လိုက်ပါသော အိမ်စီးကား အဖြူတစီးကို DDTတပ်ခွဲ (၃) နှင့် ထားဝယ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ခိုက်ခံရသောကားမှာ မောင်းပြေးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးခြင်း ရှိ၊ မရှိကို တိတိကျကျ မသိရပေ။ 

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly