ဩစတေးလျနိုင်ငံ မြန်မာများနှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံပွဲ ရန်ပုံငွေ ဒေါ်လာ ၂၀,၀၀၀ ဝန်းကျင်ရရှိ

By ပါခွီး(မဇ္စျိမ)
21 September 2023
ဩစတေးလျနိုင်ငံ မြန်မာများနှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံပွဲ ရန်ပုံငွေ ဒေါ်လာ ၂၀,၀၀၀ ဝန်းကျင်ရရှိ
ပုံအညွှန်း - ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာပြည်သားများတွေ့ဆုံစဥ် ဓါတ်ပုံ - ပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဦးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ဩစတေးလျနိုင်ငံ အာဒီလိတ်မြို့(Adelaide) မြို့တွင် ကျင်းပသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ၌ ရန်ပုံငွေ ဩစတေးလျဒေါ်လာ ၂၀,၀၀၀ (နှစ်သောင်း) ဝန်းကျင်ရရှိ ကြောင်းသိရသည်။

ဩစတေးလျနိုင်ငံ တောင်ပိုင်းပြည်နယ် အာဒီလိတ်မြို့တွင် CRPH/NUG Support Group (South Australia) နှင့် United Myanmar Community South Australia (UMCSA) တို့မှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အဆိုပါတွေ့ဆုံပွဲကို ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

ပုံအညွှန်း - ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာပြည်သားများတွေ့ဆုံစဥ် ဓါတ်ပုံ - ပေးပို့

“ကျနော်တို့ ဒီတွေ့ဆုံပွဲမှာ တက်ရောက်လာသူတွေနဲ့ အမေးအဖြေလုပ်တာရှိတယ်၊ ဂီတာနဲ့ ပန်းချီကားလေလံတင်တာနဲ့ တက်ရောက်လာတဲ့သူများက ထည့်ဝင်တဲ့ အလှူငွေကောက်ခံတာလုပ်ခဲ့ပါတယ်” ဟု UMCSAတာဝန်ရှိသူ နှင့် အခမ်းအနားဖြစ်မြောက်ရေး တာဝန်ခံ Judah K Thang က မဇ္စျိမ ကိုပြောသည်။

ဂီတာတလက်လျှင် ၂,၅၀၀ ဒေါ်လာဖြင့် လေလံအောင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားမှာ ဒေါ်လာ ၇၀၀ ရရှိခဲ့ကာ တက်ရောက်လာသူများက ရန်ပုံငွေများ ထည့်ဝင်ခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

ပုံအညွှန်း - ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာပြည်သားများတွေ့ဆုံစဥ် ဓါတ်ပုံ - ပေးပို့

ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် အတူ ဩစတေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေ တက်ရောက်ခဲ့ပြီး မြန်မာနွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများမှ သိလိုသောမေးခွန်းများ ဖြေကြားခဲ့ကြောင်းသိရသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က သုံညနှင့်စတင်ခဲ့ပြီး ယနေ့အချိန်တွင် နေပြည်တော်ရှိ လေတပ်စခန်းကိုပင် ဗုံးကြဲနိုင်နေပြီဖြစ်သဖြင့် တော်လှန်ရေးကို မေးခွန်းထုတ်နေစရာမလိုအပ်ဘဲ အောင်ကို အောင်မြင်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်ဟု Judah K Thang က ဆက်ပြောသည်။

ပုံအညွှန်း - ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာပြည်သားများတွေ့ဆုံစဥ် ဓါတ်ပုံ - ပေးပို့

အဆိုပါတွေ့ဆုံပွဲတွင် ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော် အကယ်ဒမီ မင်းမော်ကွန်း ကလည်း တေးသီချင်းများဖြင့် သီဆိုတီးခတ်ဖျော်ဖြေခဲ့ကြောင်းသိရသည်။

ဝန်ကြီးသည် ဩစတေးလျရောက် မြန်မာနိုင်ငံသားကျန်းမာရေးဝန်ထမ်းများနှင့်လည်း တွေ့ဆုံခဲ့ပြီး ၎င်းတို့မှလည်း ရန်ပုံငွေများထည့်ဝင်ခဲ့ကြကြောင်းသိရသည်။

ပုံအညွှန်း - ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာပြည်သားများတွေ့ဆုံစဥ် ဓါတ်ပုံ - ပေးပို့

ဒေါက်တာဇော်ဝေစိုးသည် ဩစတေးလျနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ပြည်နယ်အသီးသီးရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း UMCSA တာဝန်ရှိသူထံက သိရှိရသည်။

ပုံအညွှန်း - ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာပြည်သားများတွေ့ဆုံစဥ် ဓါတ်ပုံ - ပေးပို့

စာတည်း - သန့်ဇော်(သန်လျင်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly