သရက်ချောင်းမှာ ပျူစောထီးခေါင်းဆောင်နှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
20 September 2023
သရက်ချောင်းမှာ ပျူစောထီးခေါင်းဆောင်နှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်၌ လက်နက်ကိုင် ပျူစောထီးခေါင်ဆောင်ဆိုသူကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်ရှင်းလင်းရာ အပြန်အလှန် ပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင်နှင့် သူ၏ဇနီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးခေါင်ဆောင်ဆိုသူ ဦးတိုးဝင်း၏ နေအိမ်ကို သိမ်းငှက် ပြောက်ကျား ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (သရက်ချောင်း-ပကဖ)ရဲဘော်များက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ယင်း အဖွဲ့ထံမှ သိရသည်။

သိမ်းငှက်ပြောက်ကျား ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက “သူက ကျောက်ဆည်ရွာ ပျူစောထီးခေါင်းဆောင် တဦးပါ၊ ဒေသအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ အတူ ဓားပြတိုက်ခြင်း၊ ပြည်သူတွေထံမှ လုယက် ခြိမ်းခြောက်ခြင်း၊ ပြည်သူတွေကို မတရား ဖမ်းဆီးခြင်း၊ ငွေကြေး တောင်းခံခြင်း စတဲ့ ပြုလုပ်မှုတွေကြောင့် သွားရောက် ရှင်းလင်းခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ဝင်ရောက်စီးနင်းပစ်ခတ်ချိန်တွင် ပျူစောထီး ခေါင်းဆောင် ဦးတိုးဝင်း အပါဝင် ဇနီးဖြစ်သူ ဒေါ်ပပဝင်းလည်း အခင်းဖြစ်ပွားရာနေရာ၌ သေနတ်မှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရ သည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ဦးတိုးဝင်းထံမှ စစ်ကောင်စီတပ်က ထုတ်ပေးထားသော တရုတ်နိုင်ငံထုတ် M 22 သေနတ် တလက်နှင့် အတူ ကျည်ဘောက် နှစ်ခု၊ ကျည်ဆန် ၈၄ တောင့် ၊ ၃၆ ခွင်းဗုံး နှစ်လုံး၊ စကားပြောစက် တလုံး၊ ဖုန်း သုံးလုံး၊ ဓားမြှောင် ၁၁ ချောင်း၊ စကေပါဓား တချောင်း၊ ပုဆိန်ငယ် တချောင်းနှင့် အတူ ကျည်ကာ အင်္ကျီ တထည်တို့ကို သိမ်းဆည်း ရမိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သရက်ချောင်းမြို့နယ်
#ပျူစောထီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly