ပင်းတယမြို့ စည်ပင်ရုံးအနီး လက်လုပ်မိုင်းတွေ့  စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီး

By ရောင်နီ (မဇ္ဈိမ)
20 September 2023
ပင်းတယမြို့ စည်ပင်ရုံးအနီး လက်လုပ်မိုင်းတွေ့  စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင််အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ စည်ပင်ရုံးအနီးတွင် လက်လုပ်မိုင်းတွေ့ရှိ၍ စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။ 

 ပင်းတယမြို့ ပုန်းတလုတ်ရေကန် အရှေ့ဘက်တွင်တည်ရှိသည့်  မြို့နယ်စည်ပင်သာယာရေးရုံးအရှေ့တွင် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် လက်လုပ်မိုင်းတလုံး တွေ့ရှိသည့်အတွက်  စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ 

“ စစ်ကောင်စီတပ်က လက်လုပ်မိုင်းတွေ့လို့ ဖောက်ခွဲဖျက်ဆီးတာ အသံက တော်တော်လေးကျယ်တယ်။ မြို့ထဲမှာလည်း ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ စစ်တပ်ဘက်ကတော့ ကားဘီးပေါက်တယ်ဆိုပြီး မြို့ထဲမှာ ဝါဒလိုက်ဖြန့်နေပါတယ်။” ဟု ပင်းတယမြို့ဒေသခံသတင်းရင်းမြစ်က ပြောသည်။ 

လက်လုပ်မိုင်းတွေ့ရှိခဲ့သည့် စည်ပင်ရုံးအနီးတွင် မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်လျှပ်စစ်ရုံးနှင့် မြို့နယ်အထက်တန်းကျောင်းများ တည်ရှိပြီး စစ်ကောင်စီတပ်၏ ဖောက်ခွဲဖျက်ဆီးမှုတွင် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ 
 
ထို့အပြင် ယနေ့သည် ပင်းတယစျေးနေ့ (ဒေသအခေါ် ငါးရက်တစျေး)ဖြစ်သည့်အတွက် စစ်ကောင်စီတပ်က ပင်းတယမြို့နယ်အတွင်း ပိုမိုလုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

“ ပင်းတယစျေးအဝင်ပေါက်မှာ အားလုံးစစ်ဆေးပြီးမှ ဝင်ရတယ်။ တချို့ဆို ဓာတ်ပုံရိုက်ခံပြီးမှ စျေးထဲဝင်ရတာတွေရှိတယ်။ ဗုံးတွေ့ပြီးတဲ့နောက် ပင်းတယမြို့ရဲ့ လမ်းဆုံတွေမှာ CCTV တွေ လိုက်တပ်နေတယ်။ အစစ်အဆေးတွေလည်း အရင်ကထက် ပိုကြမ်းတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဆက်ပြောသည်။ 

၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းထားခဲ့သည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး - Danu People’s Liberation Front (DPLF) က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများတွင် စည်းရုံးရေးဆင်းကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ရန် ပြင်ဆင်လာပြီးနောက် ယခုကဲ့သို့ ပင်းတယမြို့နယ်တွင် လက်လုပ်မိုင်းတွေ့ရှိမှု ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

“မိုင်းထောင်တာကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ မသိရဘူး။ ဒါပေမယ့် အခုတလော ဒီဘက်မှာ လှုပ်ရှားလာတဲ့ ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် (DPLF) က လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ နောက်ပြီး ပင်းတယပြန်ဆက်ရုံးမှာလည်း ဗုံးတွေ့လို့ စစ်ကောင်စီတပ်က ဖြုတ်သိမ်းသွားရတယ်ဆိုတာမျိုးလည်း မြို့ထဲမှာ ပြောနေကြတာရှိတယ်” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။ 

သို့သော် အဆိုပါ ဖြစ်စဥ်အပေါ်  DPLF တပ်ဖွဲ့က သီးခြားသတင်းထုတ်ပြန်မှု မရှိသေးသလို မဇ္စျိမ၏ ဆက်သွယ်မှုကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ 

စစ်ကောင်စီတပ်ကလည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များတွင်  DPLF တပ်ဖွဲ့၏ လှုပ်ရှားမှုများ ရှိလာသည့်အတွက် အင်အားတိုးချကာ လုံခြုံရေးတင်းကျပ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ 

ယင်းအပြင် စက်တင်ဘာလ ၁၈ ရက်နေ့က ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) မှ ရဲဘော်များ စည်းရုံးရေးလုပ်ဆောင်ခဲ့သည့် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာကို စစ်ကောင်စီတပ်က လက်ရှိအချိန်အထိ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း ဒေသခံများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#DPLF
#ဓနုကိုယ်ပိုင််အုပ်ချုပ်ခွင့်ရဒေသ
#ပင်းတယမြို့
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly