ပြိုင်ဘက် တောင်ကိုရီးယားက ၉ ဂိုးပြတ် အနိုင်ရချိန် မြောက်ကိုရီးယားက နိုင်ပွဲနဲ့အတူ နိုင်ငံတကာ အားကစားပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိ

By By PKThawn
20 September 2023
ပြိုင်ဘက် တောင်ကိုရီးယားက ၉ ဂိုးပြတ် အနိုင်ရချိန် မြောက်ကိုရီးယားက နိုင်ပွဲနဲ့အတူ နိုင်ငံတကာ အားကစားပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိ
မြောက်ကိုရီးယားအသင်းဟာ အင်္ဂါနေ့က အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲစဉ်မှာ ထိုင်ဝမ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိမှုနဲ့အတူ Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲကြီးဆီ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
 
မြောက်ကိုရီးယားဟာ Covid ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ခဲ့ပြီး သူတို့ဟာ ကပ်ရောဂါကြောင့် ၂၀၂၁ ကို ပြောင်းရွှေ့ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ကို ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
 

အဲဒီနောက် မြောက်ကိုရီးယားဟာ တိုကျိုမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကနေ ပိတ်ပင်ထုတ်ပယ်ခံခဲ့ပါတယ်။

ဒါပေမယ့် ပြေးခုန်ပစ်၊ ဂျွမ်းဘား၊ ဘတ်စကတ်ဘော၊ ဘောလုံး၊ လက်ဝှေ့နဲ့ အလေးမအားကစားတွေ အပါအဝင် မြောက်ကိုရီးယားကစားသမားတွေဟာ တရုတ်နိုင်ငံရဲ့ ဟန်ကျိုးမြို့မှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။
 
အားကစားပြိုင်ပွဲကို စနေနေ့မှာ တရားဝင်ဖွင့်လှစ်ခဲ့ပေမယ့်လည်း အင်္ဂါနေ့မှာ အမျိုးသားဘောလုံးပွဲတွေအပါအဝင် အချို့ပွဲစဉ်တွေ ကစားခဲ့ကြပါတယ်။ ထိုင်ဝမ်ကို အနိုင်ရတဲ့ ပွဲမှာ ကင်မ်ကပ်ဂျမ်နဲ့ ရီဂျိုဂတ်တို့က မြောက်ကိုရီးယားအတွက် ပထမပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။
 
မြောက်ကိုရီးယားဟာ ၂၀၁၈ မှာ ဂျကာတာမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော အားကစားမျိုးစုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတာပါ။
 
ပြိုင်ဖက်တွေဖြစ်တဲ့ တောင်ကိုရီးယာအသင်းဟာ ကူဝိတ်ကို ၉-၀ ဂိုးနဲ့ အနိုင်ယူကာ အာရှအားကစားပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ရွှေတံဆိပ်ရရှိဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို စတင်ခဲ့ပါတယ်။
 
ဂျာမနီမှာ စတုဂတ်အသင်းအတွက် ကစားပေးနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျောင်းဝူးယောင်းက ဟက်ထရစ်သွင်းယူခဲ့တာပါ။
 
တရုတ်အသင်းက အိန္ဒိယကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီး သူတို့ရဲ့ ဘောလုံးပြိုင်ပွဲကို စတင်ချိန်မှာ အိမ်ကွင်းမှာ အဖွင့်လှခဲ့ပါတယ်။
 
အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးအသင်းတွေကို အသက် ၂၃ နှစ်အောက် ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် သက်ကြီးကစားသမား ၃ ဦးကို ခွင့်ပြုထားပါတယ်။
 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required