ပုလောမြို့နယ် မြဒေါင်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ၇ ဦးကျဆုံးပြီး ၆ ဦးပျောက်ဆုံး နေဟုဆို

By ကိုရွှေမြိတ်(မဇ္ဈိမ)
19 September 2023
ပုလောမြို့နယ် မြဒေါင်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ၇ ဦးကျဆုံးပြီး ၆ ဦးပျောက်ဆုံး နေဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စု မြဒေါင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံးကာ ခြောက်ဦး ပျောက်ဆုံးနေကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)မှ သိရသည်။

မြိတ်ခရိုင် တပ်ရင်း(၁)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “မနေ့က တိုက်ပွဲနဲပတ်သက်ပြီး အခြေအနေတွေ မတည်ငြိမ်သေးလို့ မြိတ်ခရိုင်တပ်ရင်းကနေ သီးခြား သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေး ပါဘူး။ ကနဦး သတင်းတွေ အရကတော့ ရဲဘော် ခုနစ်ဦး ကျတယ်၊ ခြောက်ဦးလောက်က အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေတာမျိုးတော့ ရှိတယ်”ဟု ပြောသည်။

ယခုကဲ့သို့ PDF ရဲဘော်များ အစုလိုက်အပြုံလိုက် ထိခိုက်ကျဆုံးမှုသည် ကျည်ကုန်ချိန်၌ ဝင်ရောက် စီးနင်း ခံလိုက်ရသည်ဟု ကောက်ချက်ချလို့ရကြောင်း ကိုအာနိုးကဆိုသည်။

ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၄ ရက်နေ့ စပြီး စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

လက်ရှိတွင် ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုအတွင်းမှ လက္ကူး၊ မှော်ကြောင်း၊ တိုကျေးရွာအုပ်စုမှ ပိတပ်နှင့် မြဒေါင်ရွာတို့တွင် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရွာတွေအတော်များများမှာ လူတွေမရှိတော့ဘူး။ တတ်နိုင်တဲ့သူတွေက မြို့ပေါ်တက်ရှောင်နေကြတယ်။ ငွေကြေးအခက်အခဲရှိတဲ့သူတွေကတော့ ရွာတွေမှာ ဆယ်ဂဏန်းဝန်ကျင်လောက် ကျန်နေပါသေးတယ်” ဟု လက္ကူးကျေးရွာမှ စစ်ရှောင်အမျိုးသားတဦးက ပြောသည်။

ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စု၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှငါးဦး သေဆုံးပြီး၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ရှစ်ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုများကြောင့် အရပ်သားငါးဦး သေဆုံးခဲ့ပြီး နေအိမ် အလုံး ၂၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တိုက်ပွဲတွင် PDF ၁၄ ဦး ကျဆုံးခဲ့ပြီး M4 ငါးလက်၊ M16  တလက်၊ AK  တလက် နှင့် ကျည်အိမ်ခုနစ်ခု သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြနေကြသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required