ရေးမြို့နယ် သတင်းတပ်ဖွဲ့တာဝန်ခံ ရေးဘီလူးအဖွဲ့မှပစ်ခတ်မှုကြောင့် သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
19 September 2023
ရေးမြို့နယ် သတင်းတပ်ဖွဲ့တာဝန်ခံ ရေးဘီလူးအဖွဲ့မှပစ်ခတ်မှုကြောင့် သေဆုံး
ဓါတ်ပုံ-ရေးဘီးလူးအဖွဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်သတင်းတပ်ဖွဲ့(SB)တာဝန်ခံ ရဲအုပ်မြင့်လွင်အား ရေးဘီလူးအဖွဲ့မှ ပစ် ခတ်ခဲ့ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးမြို့နယ်၊ အောင်သုခရပ်ကွက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရဲအုပ် မြင့်လွင် အိမ်စီးကားဖြင့်တဦးတည်းထွက်ခွာလာစဉ် ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာ တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“စကခ(၁၉)လက်အောက်ခံ SB ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့အရာရှိကို ကျနော်တို့ ရှင်းလင်းလိုက် တာဗျ။ ရုံးကအထွက် လမ်းခုလတ်မှာ ကျနော်တို့ M4 အရှည်နှစ်လက်နဲ့စောင့်ပစ်တာပါ” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

ရဲအုပ်မြင့်လွင်အားပစ်ခတ်ရန် လိုအပ်သည့်အချက်အလက်များနှင့် မြို့တွင်း အဝင်အထွက်လမ်းများကို ကြိုတင်လေ့လာရန် အချိန်များစွာပေးခဲ့ရပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြစ် ကြောင်း ရေးဘီလူးအဖွဲ့မှ ထုတ်ပြန်သည်။

ရေးမြို့အတွင်းသို့ M4 သေနတ်အရှည်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်း၌ အရပ် ဝတ်ဖြင့်သွားလာနေသည့် စစ်ကောင်စီလက်တပ်ဖွဲ့ဝင်များကိုလည်း အချိန်မရွေး နေရာမရွေး ပစ်ခတ်နိုင် ကြောင်းလည်း ရေးဘီလူးအဖွဲ့မှ သတိပေးထားသည်။

“မွန်ပြည်နယ်ထဲမှာ အရပ်ဝတ်နဲ့သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အကုန်လုံးကို အချိန်မရွေး နေရာ မရွေး ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ဝင်ရောက်ရှင်းလင်းနိုင်တယ်ဆိုတာကို ပြည်သူတွေကို ချပြတာ ဖြစ်ပါတယ်” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ချက်ရုပ်သံ၌ ပြောထားဆိုသည်။

ရေးမြို့နယ်သည် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိဘဲ စစ်ကောင်စီထောက်တိုင်များ မကြာခဏပစ်ခတ်ခံရလေ့ရှိပြီး တပ်စခန်းများ၊ ကင်းစခန်းများနှင့် ဌာနဆိုင်ရာရုံးများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် ရေးမြို့နယ်အခြေစိုက် ခလရ(၆၁) တပ်ရင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်သွားရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ စက်တင်ဘာလ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ (၅၈၃) နှင့် ခမရ (၅၉၁)တပ်စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒု ဗိုလ်တဦး၊ ဒုတပ်ကြပ် တဦး၊ ရဲဘော်တဦးနှင့် စစ်သား၏ဇနီးတဦး သေဆုံးခဲ့ကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly