အီကွေဒေါ ငလျင်သေဆုံးသူအရေအတွက် ၂၀၀ ကျော်ထိမြင့်တက်

အီကွေဒေါ ငလျင်သေဆုံးသူအရေအတွက် ၂၀၀ ကျော်ထိမြင့်တက်

အီကွေဒေါနိုင်ငံတွင် စနေနေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀၀ ကျော်ထိ မြင့်တက်ရောက်ရှိလာခဲ့ပြီး အဆောက်အအုံအပြို၊အပျက်များအောက်တွင် ပိတ်မိနေသူများနှင့် ဒဏ်ရာရရှိထားသူများ လည်းကျန်ရှိနေဆဲ ဖြစ်သည်။

 

စနေနေ့က အီကွေဒေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သောငလျင်မှာ ပြင်းအား ၇ . ၈ ရှိခဲ့ပြီး အီကွေဒေါနိုင်ငံအတွက် ဆယ်စုနှစ်များစွာအတွင်း အင်အားအပြင်းဆုံးငလျင်အဖြစ်မှတ်တမ်းဝင်သွားခဲ့သည်။

 

ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ လက်ရှိအချိန်တွင် ၂၃၃ ယောက်ရှိသွားပြီဖြစ်သည်။

 

ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများတွင် အရေးပေါ်အခြေအနေကြေညာထားရပြီး အီကွေဒေါစစ်တပ်မှ တပ်သား ၁၀၀၀၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင် ၃၅၀၀ ခန့်က ယင်းဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေဆဲ ဖြစ်သည်။

 

ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများတွင် အစားအစာနှင့် အခြားအရေးပေါ်လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ပြီး နိုင်ငံတကာကလည်း အကူအညီများပေးအပ်ရန် စတင်စီစဉ်နေပြီ ဖြစ်သည်။

 

အီကွေဒေါနိုင်ငံသည် ပထဝီဝင်အနေအထားအရ ငလျင်ဒဏ်ခံစားရလေ့ရှိသောနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ယခုလှုပ်ခတ်သည့် ငလျင်မှာ ၁၉၇၉ ခုနှစ်နောက်ပိုင်းအင်အားအပြင်းဆုံးငလျင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly