စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မှုနှင့်အကြမ်းဖက်မှု အမျိုးသမီးနှင့် LGBTများပိုရင်ဆိုင်နေရဟုဆို

By 001 (မဇ္ဈိမ)
18 September 2023
စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မှုနှင့်အကြမ်းဖက်မှု အမျိုးသမီးနှင့် LGBTများပိုရင်ဆိုင်နေရဟုဆို
Equality Myanmar က ထုတ်ပြန်သည့် “ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်” အစီရင်ခံစာ မှတ်တမ်းပုံ  Photo - Equality Myanmar

စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်မှုနှင့် အကြမ်းဖက်မှုများကို အမျိုးသမီးနှင့် LGBTQI များက အမျိုးသားများထက်ပို၍ ရင်ဆိုင်နေကြရကြောင်း ညီမျှခြင်းမြန်မာ"Equality Myanmar” က ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ “ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်” ခေါင်းစဉ်ဖြင့် အစီရင်ခံစာထုတ်ပြန်ခြင်းဖြစ်သည်။

"စစ်ကောင်စီသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာဓလေ့ထုံးတမ်း ဥပဒေတို့ကို ချိုးဖောက်နေသကဲ့သို့ အမျိုးသမီး၊ ကလေးနှင့်မသန်စွမ်းသူများ အပါအဝင် ပိုမိုအန္တရာယ်ကျရောက်လွယ်သူများပေါ် အကြမ်းဖက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာအတွက် တာဝန်ရှိနေသည်" ဟု Equality Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်ခံရမှုတွင်  အရေအတွက်အားဖြင့် အမျိုးသားများပိုမိုများပြားသော်လည်း အမျိုးသမီးများနှင့် LGBTQI(လိင်စိတ်ခံယူမှုကွဲပြားသူ)များအပေါ် ခွဲခြားဆက်ဆံမှုနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှစ်မျိုးစလုံးကျူးလွန်မှုများကို တွေ့ရကြောင်း စစ်တမ်းကောက်ယူခဲ့သည့် Equality Myanmar သုတေသနဌာနမှ ကိုပိုင်သက်ကပြောသည်။

“တချို့ LGBT တွေသည် ဖမ်းဆီးခံရချိန်မှာ LGBT မှန်း သူတို့ကို မသိဘူး။ဒါပေမဲ့ အကျဉ်းထောင်ထဲ မရောက်ခင်မှာ ရဲစခန်းအချုပ်ထဲမှာဖြစ်ဖြစ်၊တနေရာ စစ်ကြောရေးမှာပဲဖြစ်ဖြစ် LGBT မှန်းသိတဲ့အခါအုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်တာမျိုးတွေရှိတယ်”ဟု ကို ပိုင်သက်က ဆိုသည်။

ပဋိပက္ခဖြစ်ပွားရာ ဒေသအချို့တွင် အဓမ္မပြုကျင့်ခြင်းကို လက်နက်သဖွယ်အသုံးပြုခြင်းမျိုးရှိပြီး မြို့ပြထက် နယ်မြို့ရှိအကျဉ်းထောင်များတွင် အမျိုးသမီးနှင့် LGBT များ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများ ပိုမို ကြုံတွေ့ရသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

ညှင်းပန်းနှိပ်စက်မှုများတွင် အလွန်အကျွံစစ်ဆေးရှာဖွေခြင်းမှသည် မရှိမဖြစ် ကျန်းမာရေးလိုအပ်ချက်များ ခံစားခွင့်မပေးခြင်း၊ သီးခြားဖယ်ထုတ်ထားခြင်းနှင့် နှုတ်အားဖြင့် စော်ကားခြင်းတို့အထိ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Equality Myanmar အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် လက်နက်ကိုင်ခုခံတော်လှန်ရေးအုပ်စုများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဒဏ်ခံနေရသော ဒေသများရှိ အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်မှုနှင့် ပတ်သက်သည့် ဖြစ်စဉ် ၂၆၇ ခုကို ကောက်ယူထားခဲ့ကြောင်းလည်း ဆိုထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်ကိုင်းတိုင်းတွင် ညှင်းပန်းနှိပ်စက်ခံရမှုဖြစ်စဉ် ၈၀ ဖြင့် အများဆုံးဖြစ်ပွားကာ မကွေးတိုင်းတွင် ဖြစ်စဉ် ၃၉ ခု၊ မန္တလေးတိုင်းတွင် ၃၈ ခုတို့ဖြင့် ဒုတိယနှင့် တတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

Equality Myanmar သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း  လူ့အခွင့်အရေးပညာပေးရေးနှင့် စည်းရုံးရေးအစီအစဉ်များဆောင်ရွက်နေသည့်  အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည်။

စာတည်း - အေးချမ်း
#mizzima
#စစ်ကောင်စီ
#ညှင်းပန်းနှိပ်စက်အကြမ်းဖက်မှု 
#အမျိုးသမီးနှင့်LGBTQIများ
#Equality Myanmar 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly