ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား

By သွင်ထူးဈာန် (မဇ္ဈိမ)
18 September 2023
ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာတွင် ယနေ့စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ ခွဲမှစတင်ကာ နှစ်ဘက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း နဂါးနီစစ်ကြောင်း ဒုစစ်ကြောင်းမှူးက မဇ္ဈိမကို ပြောသည်။

အင်အား ၇၀ ခန့်ပါသော စစ်ကာင်စီတပ်က ခလယ်ကျေးရွာကို စစ်ကြောင်းထိုးလာပြီးနောက် စစ်ကောင်စီတပ်၊ ၎င်းတို့၏ မဟာမိတ် BGF တပ်နှင့် KNLA ၊ နဂါးနီ ပူးပေါင်းတပ်တို့အကြား စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမနှင့် ၁၂၂ဟောက်ဝစ်ဇာ လက်နက်ကြီးများ အသုံးပြုကာ ရွာအတွင်းကို ပစ်ခတ်ခဲ့ပြီး Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်အမျိုးစားဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းကြောင့် ဒေသခံ အရပ်သား တဦးသေဆုံးကာ ရဟန်းနှစ်ပါး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

"၁၄ ရက်နေ့ကတည်းက စစ်တပ်က ရွာကို စစ်ကြောင်းထိုးရင်းနဲ့က တိုက်ပွဲစဖြစ်တာ၊ ရွာထဲကို လက်နက်ကြီးနဲ့ကော၊ လေယာဥ်နဲ့ကော လာပစ်တယ်၊ အိမ်တွေ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ၊ အကုန်ပျက်စီးသွားတယ်၊ သေတဲ့သူနဲ့ ထိတဲ့သူတွေရှိတယ်၊ အခု နီးစပ်ရာ ရွာတွေမှာ စစ်ရှောင်နေရသလို တောထဲပုန်းနေရတဲ့သူတွေ ရှိတယ်"ဟု စစ်ရှောင်ကူ ညီပေးနေသူ တစ်ဦးမှ မဇ္ဈိမကို ပြောသည်။ 

စစ်ကောင်စီ၏ တပ်မ (၄၄) ၊တပ်မ( ၂၂) လက်အောက်ခံ တပ်ရင်းများ၊ ၎င်းတို့၏ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF (၁၀၂၁) တပ်နှင့် KNLA ၊ နဂါးနီ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယနေ့ဖြစ်ပွားသော တိုက်ပွဲအခြေအနေကို အသေးစိတ်ကို မသိရသေးပေ။

လက်ရှိမှာ ခလယ်ကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာက ဒေသခံ ၁၅,၀၀၀ကျော် စစ်ဘေးရှောင်နေရသည်။

"ကျွန်တော်တို့ကသာ လူထုအတွက် အမြဲတာဝန်ကျေပွန်အောင် လုပ်ဆောင်နေရမှာ ဖြစ်ပါတယ် အဲ့တော့ စစ်မိစ္ဆာတွေ စစ်ကြောင်းထိုးလာရင် ပြေးကြပါ တိုက်ပွဲကြားထဲ အရပ်သားပါလာရင် ကျွန်တော်တို့လည်း လုပ်ရကိုင်ရခက်ပါတယ် မနေ့ကလည်း တိုက်ပွဲထဲ အရပ်သား နှစ်ဦး ကယ်ထုတ်ရသေးတယ်"ဟု နဂါးနီစစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုဟိန်းမှ ပြောသည်။ 

စက်တင်ဘာလ ၁၄ ရက်နေ့ အဆိုပါ ခလယ်ရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး နဂါးနီစစ်ကြောင်းဘက်မှ တပ်ဖွဲ့ဝင် တဦးကျဆုံးသွားကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

စာတည်း။   ။ နောင်နောင်

#ခလယ်ရွာ
#ကြာအင်းဆိပ်ကြီး
#Mizzima
4:14 PM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly