ပုလောတွင် အမျိုးသမီး ၂ ဦးအပါအဝင် စစ်ဘေးရှောင်မိသားစု ၄ ဦးကို  စစ်ကောင်စီတပ် သတ်ဖြတ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
18 September 2023
ပုလောတွင် အမျိုးသမီး ၂ ဦးအပါအဝင် စစ်ဘေးရှောင်မိသားစု ၄ ဦးကို  စစ်ကောင်စီတပ် သတ်ဖြတ်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုတွင် အမျိုးသမီးနှစ်ဦးအပါအဝင် စစ်ဘေး ရှောင် မိသားစုလေးဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မိသားစုလေးဦးမှာ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ရွာအပြင်၌စစ်ရှောင်နေစဉ် လက္ကူး ကျေးရွာအတွင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

လက္ကူးကျေးရွာမှစစ်ရှောင် အမျိုးသားတဦးက “အခြေအနေက အရမ်းဆိုးဆိုးဝါးဝါးကို ဖြစ်သွားတာ။ ဘာ မှအပြစ်မရှိတဲ့ ရွာခံမိသားစုဝင်လေးဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်”ဟု ပြော သည်။

စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်မိသားစုလေးဦးမှာ လက္ကူးကျေးရွာအုပ်စုမှ ဦးဘကျင် (၆၉နှစ်)၊ သားဖြစ်သူ ကိုငွေစိုး(၄၀နှစ်)၊ သမီးဖြစ်သူ မကုလားမ(ခ) မသန္တာနွယ်(၃၇ နှစ်)နှင့် တူမဖြစ်သူ ဒေါ်ရီဝင်း(၄၀နှစ်)တို့ ဖြစ် သည်။

လက်ရှိတွင် ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုအတွင်း၌  စစ်ကောင်စီတပ်က အင်အားအများအပြား ဖြင့် ရေကြောင်းနှင့် ကုန်းကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ် ၂၀ နီးပါး ပျက်စီးခဲ့ပြီး အရပ်သား ၁၀၀ နီးပါးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရကာ တပတ်အတွင်း ခြောက်ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး မကြာခဏ တိုက်ပွဲ များဖြစ်ပွားခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေကြရသည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly