စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာတွင် အရပ်သား ၄ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

By 007 (မဇ္စျိမ)
17 September 2023
စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာတွင် အရပ်သား ၄ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာတွင် အရပ်သားလေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက အင်အား ၂၀ ကျော်ရှိသော စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့ နယ် မြင်းဆည်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဥ် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးကြရာမှ ရွာလယ်ပိုင်း၌ စစ်ကြောင်းနှင့်တည့်တည့်တိုးမိသည့် ကိုသိန်းဇော်၊ ကိုဇော်မင်း၊ ကိုတေဇာဦးနှင့် ကိုကျော် ထွန်းနိုင်တို့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ရွာထဲကို စစ်ကြောင်းဝင်လာလို့ ထွက်ပြေးကြရင်း သူတို့လေးယောက်က စစ်ကြောင်းနဲ့တည့်တည့်တိုးပြီး ပစ်သတ်ခံလိုက်ရတာ။ လေးယောက်လုံး မြင်းဆည်ရွာသားတွေပါ၊ အသက် ၃၀ ဝန်းကျင်အရွယ် အရပ် သားတွေပါ” ဟု ဖြစ်စဥ်ကိုသိရှိသည့် အမည်မဖော်လိုသူ ဒေသခံ စစ်ဘေးရှောင်တဦးက ပြောသည်။

“သလွန်ဖြူရွာမှာ ဒုရဲအုပ်လင်မယား အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဲဒီရွာအနီးတဝိုက်ရော၊ ဒီဘက် ရွာတွေ (သုံးလင့်၊ မြင်းဆည် စသည့် စစ်ကိုင်းအနောက်ပိုင်းကျေးရွာများ)ကိုရော စကစတွေ နေ့တိုင်းမွှေ နေတယ်။ အငြိုးတကြီးနဲ့ကိုမွှေတာ။ လူတွေ့ရင်လူဖမ်းတယ်၊ တိရစ္ဆာန်တွေ့ရင် ဖမ်းပြီးယူတယ်၊ ပစ္စည်း ဥစ္စာမှန်သမျှ အကုန်သယ်တယ်၊ ဒီနေ့အထိ အရပ်သား ၄၀ ကျော်အဖမ်းခံထားရတယ်။ သူတို့နဲ့ တည့်တည့် တိုးတိုးလို့ ပစ်သတ်ခံရတာ လေးယောက်သေတယ်” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသည့် စစ်ကိုင်းမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)၌ တာဝန်ကျနေသည့် ဒုရဲအုပ်နှင့်ဇနီး မိဘဆွေမျိုးများထံ အလည်လာပြီးအပြန်တွင် အမည်မသိ သေနတ်သမားနှစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)မှ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ သည် သလွန်ဖြူကျေးရွာနှင့်အနီးဝန်းကျင်အားလည်းကောင်း၊ သုံးလင့်၊ ကင်းတော်၊ ကိုင်းပြင်၊ လယ်ပါယ် တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာကျေ စသည့်စစ်ကိုင်းအနောက်ဘက်ကျေးရွာများအားလည်းကောင်း၊ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စက်တင်ဘာလ ၁၄ ရက်နေ့မှစပြီး နေ့စဥ် စစ်ကြောင်းထိုးဝင်ရောက်နေ ခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းတခုသည် စစ်ကိုင်းမြို့ ငါးထပ် ကြီးဘုရားအနီးရှိ ရွှေဘုံသာကျောင်း၊ ညောင်ကုန်းကျေးရွာနှင့် သလွန်ဖြူကျေးရွာတို့၌ တပ်စခန်းချထား ပြီး စစ်ကိုင်းအနောက်ဘက်ကျေးရွာများအား ထွက်ပေါက်မရှိအောင် ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း လည်း သိရသည်။

စာတည်း။  ။စောဖေ

#စစ်ကိုင်းမြို့နယ်
#တပ်မ(၃၃)
#စစ်ကောင်စီစစ်ကြောင်း
#အရပ်သား
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly