ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားထပ်စွဲ

By မိုးသောက်၊ (မဇ္ဈိမ)
17 September 2023
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားထပ်စွဲ
ပုံအညွှန်း- ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း၊ (ဓာတ်ပုံ- ပေးပို့)

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို  စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ အရှေ့ပိုင်းခရိုင်တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်းသိရသည်။

မဆုရည်လင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက် နှင့်  ၁၄ ရက်တို့တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-ည နှင့် တရားစွဲဆိုလိုက်သည်ဟု တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂက ယမန်နေ့  စက်တင်ဘာလ ၁၆ ရက်က ထုတ်ပြန်သည်။

ထိုလုပ်ရပ်သည်  နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် အကြမ်းမဖက်ပါဝင်လှုပ်ရှားနေကြသည့် ကျောင်းသားထုတရပ်လုံးကို  စစ်ကောင်စီက ဖိနှိပ်လိုက်ခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း  ထုတ်ပြန်ချက်ထဲတွင်ထည့်သွင်းရေးသားသည်။

စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မ၅၀-ညသည် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု ဆိုင်ရာပြစ်မှုဖြစ်ပြီး ထောင်ဒဏ်၁၀နှစ်မှ တသက်အထိချမှတ်နိုင်သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ မြေပြင်တာဝန်ခံ ကိုမင်းရတုထက်က မဆုရည်လင်းသည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်ခြင်းမရှိကြောင်း မဇ္ဈိမကိုပြောသည်။

"အရေးမပါတာပါဗျာ။ အမှုတွေ လျှောက်တပ်ချင်သလို တပ်နေတာ။ လင်းလင်းက အကြမ်းဖက်ဖို့မပြောနဲ့ ကျည်ဆန်လေး တတောင့်တောင် ကိုင်ဖူးတာ မဟုတ်ဘူး”ဟုဆိုသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၉ရက်နေ့က စတင်ဖမ်းခံထားရသည့် မဆုရည်လင်းကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုပြီး အလုပ်နှင့်ထောင်ဒဏ်၃နှစ်ကိုလည်းချမှတ်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂ
#သမဂ္ဂဥက္ကဋ္ဌ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly