ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ချင်းကာကွယ်ရဲဘော်၂ ဦး နောက်တန်းတွင် ကျဆုံး

By ပါခွီး (မဇ္ဈိမ)
17 September 2023
ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ချင်းကာကွယ်ရဲဘော်၂ ဦး နောက်တန်းတွင် ကျဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် ရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်း နောက်တန်းတွင်ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Paletwa က စက်တင်ဘာလ ၁၆ ရက် ယမန်နေ့က ထုတ်ပြန်သည်။

ရဲဘော်နှစ်ဦးသည် ၎င်းတို့သစ္စာပြုသော ချင်းလဲန်းနှင့် ချင်းလူမျိုးအတွက် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးသွားကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆလိုင်းမောင်မောင် (၂၅ နှစ်) သည် ဩဂုတ်လ ၃ ရက်နေ့တွင်လည်းကောင်း၊ ဆလိုင်းဧနောက် (၁၉ နှစ်) သည် ဩဂုတ်လ ၈ ရက်နေ့တွင်လည်းကောင်း CDF – Paletwa နောက်တန်း၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့က ရောဂါအခံတွေကြောင့်လည်းပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ ခွဲစိတ်နိုင်တဲ့အဆင့်ထိ မရှိတာရယ် ၊ ဆေးရုံပို့ရမယ့်ခရီးကကြာတာကြောင့်လည်း ပါတယ်” ဟု CDF – Paletwa ခေါင်းဆောင် တဦးက မဇ္စျိမကိုပြောသည်။

၎င်းရဲဘော်နှစ်ဦးသည် တပ်ဖွဲ့မှပြုလုပ်နေသည့် ကွန်မန်ဒိုသင်တန်း တက်ရောက်နေသူများဖြစ်ကြောင်း ဆိုသည်။

တော်လှန်ရေးအတွက် ၎င်းတို့၏ပေးဆပ်မှုအပေါ် တပ်ဖွဲ့မှလေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသား စုနှင့်ထပ်တူ ဝမ်းနည်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ပြီး စစ်မှန်သောပြည်သူအစိုးရတရပ် ပေါ်ပေါက်လာစေ ရေးအတွက် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူများ၏ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာ ကွယ်ရေးကိစ္စရပ်များကို အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း CDF – Paletwa ခေါင်းဆောင်က ဆက်ပြောသည်။

တောခိုပြီး လက်နက်ကိုင်တိုက်ခိုက်ရေးလုပ်ငန်းတခုသာမျှ မဟုတ်သောကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး ပြည်သူများအနေဖြင့် တော်လှန်ရေးလုပ်နေသည့် အဖွဲ့အစည်းဒေသများတွင် ပါဝင် မလုပ်ဆောင်နိုင်သော်လည်း တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် တပ်ဖွဲ့ကို တည်ထောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ယင်း ယနေ့အချိန်အထိ CDF – Paletwa မှ ရဲဘော် ကိုးဦး အသက်စွန့်လွှတ်ခဲ့ပြီးကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ချင်းပြည်နယ်

#CDF-Paletwa

#ကျန်းမာရေးစောင့်ရှောက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly