ထိုင်းနိုင်ငံ၌ နှစ်မကုန်မီ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မည်  

ထိုင်းနိုင်ငံ၌ နှစ်မကုန်မီ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မည်  

ထိုင်းနိုင်ငံအနေဖြင့် အနိမ့်ဆုံး တရက် လုပ်ခသစ်ကို ယခုနှစ် မကုန်မီ သတ်မှတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သောကြာနေ့၌ ပြောပြီး ယခင် ပြောဆိုထားသကဲ့သို့ ဘတ် ၄၀၀ (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၉ ဒေါ်လာ) ဖြစ်လိမ့်မည် မဟုတ်ဟု ဆိုသည်။  

အာဏာရ ဖျူထိုင်းပါတီ၏ ရွေးကောက်ပွဲ မူဝါဒလမ်းစဉ်တရပ်ဖြစ်သော အနိမ့်ဆုံး တရက် လုပ်အားခ တိုးမြှင့်ခြင်းသည် လုပ်ငန်း လည်ပတ်သည့် ကုန်ကျစရိတ်များ မြင့်တက်ခြင်းနှင့် စီးပွားရေး လေးလံနေဆဲ အချိန်၌ ရင်းနှီးမြှုပ်နှံသူများအတွက် ထိုင်းနိုင်ငံက ယှဉ်ပြိုင်နိုင်မှု နည်းသွားလိမ့်မည်ဆိုသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။ 

တိုးမြှင့်ပေးမည့် နှုန်းထားသည် ကုန်ဈေးနှုန်း မြင့်တက်ခြင်းထက် ကာမိအောင် ပိုလိမ့်မည်ဟု အလုပ်သမားဝန်ကြီး ပီပတ် ရတ်ချာကစ်ပရာကန်က သတင်းထောက်များအား ပြောသည်။ လက်ရှိ ထိုင်းနိုင်ငံ၏ ပျမ်းမျှ အနိမ့်ဆုံး တနေ့ လုပ်အားခမှာ ဘတ် ၃၃၇ ဘတ် ဖြစ်သည်။  

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအကြီးဆုံး ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဩဂုတ်လ၌ ၀ ဒသမ ၈၈ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ပထမရှစ်လ၌ ၂ ဒသမ ၀၁ ရာခိုင်နှုန်း ရှိထားသည်။ 

အနိမ့်ဆုံး တနေ့ လုပ်အားခကို သင့်တော်သည့် နှုန်းထား ဘတ် ၄၀၀ တို့ ဖြစ်နိုင်သမျှ တိုးမြှင့်ရန် ကြိုးပမ်းသွားမည်ဟု ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ယခု သီတင်းပတ်အစောပိုင်းတွင် ပြောထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နှုန်းထားမှာ လက်ရှိ ပျမ်းမျှထက် ၁၉ ရာခိုင်နှုန်း မြင့်မားသည်။ 

သို့ရာတွင် ဘတ် ၄၀၀ နှုန်းထား မူဝါဒကို အနိမ့်ဆုံး တနေ့ လုပ်ခအဖြစ် သတ်မှတ်လိမ့်မည် မဟုတ်သော်လည်း အလုပ်သမားများအတွက် “ကျွမ်းကျင်မှုအားဖြင့် ပေးခြင်း” ဖြစ်လိမ့်မည်ဟု ပီပတ်က ဆိုသည်။ 

“၁၀ ရာခိုင်နှုန်းကျော် တိုးမြှင့်မယ်ဆိုရင်တောင် လုပ်ငန်းရှင်တွေအတွက် မထောင်းသာဘူးလို့ ကျွန်တော် ယူဆတယ်၊ အသေးစား လုပ်ငန်းတွေ နိုင်ငံတွင်းကနေ ပျောက်ကွယ်သွားနိုင်တယ်”ဟု ၎င်းက ပြောသည်။ 

အဆိုပါ အနိမ့်ဆုံး လုပ်ခသစ်ကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ကြေညာနိုင်ရန် နိုင်ငံ၏ သုံးပွင့်ဆိုင် လုပ်ခရေးရာ ကော်မတီက နိုဝင်ဘာမကျော်လွန်ခင် အပြီးသတ်လိမ့်မည်ဟု ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံပြီးနောက် ပီပတ်က ပြောခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly