စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ဘုန်းကြီးပျံလွန်

By ကိုခင်မောင် (မဇ္ဈိမ)
16 September 2023
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ဘုန်းကြီးပျံလွန်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ၊ ခရမ်းစပ်ကုန်းရွာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ခရမ်းစပ်ကုန်းရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး ကပ္ပိယအမျိုးသားတဦးလည်း ကွယ်လွန်သွားသည်ဟု Indaw Revolution- IR မှ ယနေ့စက်တင်ဘာလ ၁၆ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန့်နေ့ စက်တင်ဘာလ ၁၅ရက်တွင် အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာဘုန်းတော်ကြီးကျောင်းအား တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာ တစီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဟု Indaw Revolution- IR မှ တာဝန်ရှိသူက မဇ္ဈိမအားပြောသည်။

“ဒီဖြစ်စဉ်မှာ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးက  ဦးခေါင်းမှာထိတယ်။ ကပ္ပိယကတော့ ရင်ဘက်ကိုထိတာပါ။ တိုက်ပွဲမဖြစ်ဘဲ ဘာကြောင့်ဗုံးကြဲတိုက်ခိုက်လဲ မသိဘူးဗျ။ ဆရာတော်နဲ့ ကပ္ပိယကတော့ ပွဲချင်းပြီး ပျံလွန်သွားတာ။ ရွာသားတွေတော့ အထိအခိုက် မရှိခဲ့ဘူး။” ဟု Indaw Revolution- IR မှ တာဝန်ရှိသူက ဆိုသည်။

ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူသော ကျောင်းထိုင်ဘုန်းကြီးမှာ အရှင်ရာဇိန္ဒဖြစ်ပြီး သက်တော် ၇၇၊ ဝါတော် ၅၇ နှစ်ဖြစ်ကြောင်းသိရကာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ  ဇရပ်ဆောင်နှင့် ကျောင်းမကြီးလည်း ပျက်စီးသွားကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရပါသည်။

ထို့အပြင် ယမန်နေ့တွင်ပင် အင်းတော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏  လက်နက်ကြီးကုန်းစခန်းမှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့်လည်း လူနေအိမ်တလုံးနှင့် ဆိုင်ကယ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အင်းတော်မြို့မှ ၁၂မိုင်ခန့်အကွာတွင် တည်ရှိသော ခရမ်းစပ်ကုန်းရွာအား စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုအပြင် လက်နက်ကြီးများဖြင့်ပါ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၅ရက်တွင်လည်း စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ် ကျွန်းတောရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျွန်းတောရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသော အသက် ၉၃နှစ်အရွယ် အဖွားအိုတဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လေကြောင်း
#ဗုံးကြဲတိုက်ခိုက်
#အင်းတော်မြို့နယ်
#ဘုန်းကြီးကျောင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly