မိုးကုတ်ကို စစ်ကောင်စီတပ် လေယာဥ်ဖြင့်ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်

By 007 (မဇ္စျိမ)
16 September 2023
မိုးကုတ်ကို စစ်ကောင်စီတပ် လေယာဥ်ဖြင့်ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်

မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်နှင့် ကုန်းစံကျေးရွာတို့ကို စစ်ကောင်စီတပ်က ယမန်နေ့ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် ညနေ ၄ နာရီခန့်ကစ၍  ကျပ်ပြင်ကျေးရွာ အနီးတစ်ဝိုက်ကို လေကြောင်းမှ ဗုံးအလုံးရေ ငါးလုံးထက်မနည်း ကြဲချခဲ့ပြီး  မိုးကုတ်ဗျူဟာကုန်းမှ  ကုန်းစံကျေးရွာဘက်ကို လက်နက်ကြီးဖြင့် နာရီဝက်ခန့်မျှ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ကုန်းစံဘက်ကနေလည်း တအုန်းအုန်း အသံတွေဆက်တိုက်ကြားရတယ်။ အခုမနက်သိရတာက ဗျူဟာကုန်းကနေ ကုန်းစံကိုလက်နက်ကြီးတွေနဲ့ လှမ်းထုတာတဲ့။ အဲဒီမှာက TNLA ရှိတယ်လေ" ဟု အမည်မဖော်လိုသူ မိုးကုတ်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

လေယာဥ်ဖြင့် ဗုံးကြဲချခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်အဆောက်အအုံတချို့ ထိခိုက်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

"မနက်ပိုင်းမှာ တိုက်ပွဲခဏဖြစ်တယ်။ TNLA နဲ့ ပကဖ က တစ်ဖက်၊ စကစတပ် က တစ်ဖက် ဖြစ်ကြတာ။ အဲဒါတိုက်ပွဲခဏရပ်နေတုန်းမှာ စကစတပ်က လေကြောင်းနဲ့လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တာပဲ။  ကုန်းစံရွာဘက်တိုက်ပွဲဖြစ်တာကို ကျပ်ပြင်(ကျေးရွာ)ကို လေယာဥ်နဲ့လာ ဗုံးကြဲသွားတယ် ။ အခုအကုန်ထွက်ပြေးနေရလို့ အထိအခိုက် မသိနိုင်သေးဘူး" ဟု အမည်မဖော်လိုသူဒေသခံတဦးကပြောသည်။

စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခံရမှုကြောင့် ဖြူရောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ  နှင့် ကုန်းစံကျေးရွာတို့မှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရကြောင်းသိရသည်။

မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်နှင့် ကုန်းစံကျေးရွာတို့သည် မိုးကုတ်မြို့နှင့် လေးမိုင်ခန့်သာအကွာအဝေးရှိပြီး ယခုတိုက်ခိုက်ခံရမှုများနှင့်ပတ်သက်၍ တမြို့လုံးကသိရှိခဲ့ကြကြောင်းလည်း ဒေသခံများကဆိုသည်။

TNLA ပူးပေါင်းတပ်တို့ အထိုင်ချထားသော ကုန်းစံကျေးရွာအနီးဝန်းကျင်ကို စက်တင်ဘာလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာရာမှ ယမန်နေ့အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း  မိုးကုတ်အခြေုပြု PDF တပ်ရင်းအချို့က သတင်းထုတ်ပြန်ထားသော်လည်း စာရင်းအတိအကျကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။   

မန္တလေးတိုင်း ၊ မိုးကုတ်မြို့အနီး(ကုန်းစံကျေးရွာနှင့်ညောင်ကုန်းကျေးရွာအနီး) တွင် ယမန်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်  (TNLA)  နှင့် စစ်ကောင်စီတပ်(တပ်မ- ၄၄၊  ခမရ-၁၀၂၊ ခမရ-၁၀၄၊ လပခ/ခလရ-၁၄၈)တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မိုးကုတ်မြို့
#ဗုံးကြဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly