အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ရန် စစ်ကောင်စီက E-Commerce လမ်းညွှန်ထုတ်ပြန်

By ဓါတု (မဇ္ဈိမ)
14 September 2023
အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ရန် စစ်ကောင်စီက E-Commerce လမ်းညွှန်ထုတ်ပြန်

အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက E-Commerce လမ်းညွှန်ကို စစ်တင်ဘာလ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

စာမျက်နှာပေါင်း ၈၆ မျက်နှာပါဝင်သည့် E-Commerce လမ်းညွှန်ချက်များအရ အွန်လိုင်းမှ စီးပွားရေးလုပ်ငန်းလုပ်သူများသည် အခွန်ပေးဆောင်ရမည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြုလုပ်ခဲ့သည့် အရောင်းအဝယ်ဆိုင်ရာ ဒေတာများကို စစ်ကောင်စီက တောင်းခံလာလျှင် ပေးအပ်ရမည်ဖြစ်သည်။

ထိုလမ်းညွှန်ချက်ပါ ” အပိုင်း (၁၄ ) အခွန်စည်းကြပ်ကောက်ခံခြင်းနှင့် အနိမ့်ဆုံးတန်ဖိုး သတ်မှတ်ခြင်း “တွင် တည်ဆဲဥပဒေများအရ အခွန်အခများကို ပေးဆောင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ အခွန်သက်သာခွင့် ရရှိခံစားရမည်ဟု ဖော်ပြထားသည်။

"အဓိက လုပ်ချင်တာကုန်သွယ် အခွန်။ ကုန်သွင်းခွင့် လိုင်စင်နဲ့ အခွန်။ ရောင်းဝယ် ဒေတာ။ တကိုယ်ရေ ဖုန်း၊ အိမ်လိပ်စာ၊ အချက်အလက် ၊ သူတို့ အတွက် အခွန်ငွေနဲ့ ရနိုင်မယ့် သတင်းအချက်အလက်ကိုပဲ မျှော်ကိုးပြီး ထုတ်ပြန်တဲ့ ဥပဒေသီးသန့်ပါပဲ ။နောက်ပြီး ဒီကာလ ဒီနိုင်ငံ ဒီလူတွေ အုပ်ချုပ်နေစဥ် ကာလမှာတော့ National Security အမည်ခံပြီး သူတို့ မလိုတဲ့သူ သူတို့အတွက် အနှောင့်အယှက်လို့ ယူဆတဲ့သူတွေရဲ့ အချက်အလက်ကို ရယူဖို့ အသုံးချဖို့ သက်သက်ပဲ ဖြစ်လိမ့်မယ်။အရင်က အွန်လိုင်းရှော့(OS)က ဒေတာနာမည် ဖုန်းနဲ့ ဆန္ဒပြတဲ့သူ ဘာညာ လိုက်ဖမ်းဖူးတယ်။ နာမည်ပြောင်းပေမယ့် နံပါတ် မပြောင်းတော့ လိပ်စာကို လိုက်တာ။ ပါဆယ်ပို့တဲ့နေရာကို လိုက်တာ။ အေတီအမ်က ငွေထုတ်တာကော ဘဏ်ကနေ ရီပို့တက်ခိုင်း အဲ့တာ စောင့်ကြည့်ပြီး အဲ့အနီးတဝိုက်က စောင့်ဖမ်းတာ လုပ်သေးတယ်"ဟု Open Data Initiative နည်းပညာရှင်ကိုကိုရဲက မဇ္စျိမကိုပြောသည်။

စားသုံးသူကာကွယ်ရေးထက် ကုန်စည်နှင့်ငွေကြေးစီးဆင်းရန်၊ အမျိူးသားလုံခြုံရေးအမည်ခံ၍ ၎င်းတို့လိုအပ်သည့်အချက်အလက်များ ရယူအသုံးချရန် ရေးဆွဲခြင်းဟု ယူဆကြောင်းပညာရှင်များကသုံးသပ်သည်။

E-commerce လုပ်ကိုင်သူများ၏ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် အရောင်းအဝယ်ဆိုင်ရာ ဒေတာ အချက်အလက်များကိုလည်း အနည်းဆုံး သုံးနှစ် ထိန်းသိမ်းထားရမည်ဖြစ်ပြီးသက်ဆိုင်ရာ တရားရုံး ဖြစ်စေ အာဏာပိုင် အဖွဲ့အစည်းများက ဖြစ်စေ တောင်းခံလာလျှင် အခမဲ့ ပေးရမည်ဟု သတ်မှတ်ထားသည်။

ယင်းလမ်းညွှန်ချက်ထဲတွင်ပါသည့် အခန်း ၁၁ အရ ပုဂ္ဂိုလ်တစ်ဦးခြင်းဆိုင်ရာ လွတ်လပ်မှုနှင့် အချက်အလက် ကာကွယ်ခြင်း ဆိုသည့် အပိုဒ်မှာအရေးကြီးသော်လည်း စာသုံးသူဘက်ကို မည်ကဲ့သို့ ကာကွယ်ပေးမည်ဆိုသည့် တိကျသည့်အချက် မပါဝင်ပေ။

အပိုင်း ၁၅ တွင်အရ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်တို့အပေါ် ငွေကြေး အကျိုးအမြတ်နှင့် အခြား အချက်အလက်များရယူရန် လိုချင်သည့်ရှူထောင့်မှ ရည်ရွယ်ပြီးရေးဆွဲထားခြင်းဖြစ်ကြောင်း နည်းပညာရှင်များက ဆိုသည်။

အတင်းအကျပ်ထိန်းချုပ်လိုသည့် သဘောမျိူး အသွင်ဆောင်သဖြင့် ယင်းစနစ်မှာ လုပ်ငန်းလုပ်ကိုင်သူများနှင့် စားသုံးသူများအကြား ကမောက်ကမ အခြေအနေများသာ ဖြစ်ပေါ်လာနိုင်ကြောင်းပြည်တွင်းရှိ အမည်မဖော်လိုသူ ဥပ​ဒေပညာရှင်တဦးက ပြောသည်။

"နိုင်ငံသားတွေအကြား အလုပ်ဖြစ်နေတဲ့ ဒါကို မဖြစ်မနေမှတ်ပုံတင်ရမယ်လို့ ပြဌာန်းလိုက်ခြင်းက ဒီစနစ်ကိုအားနည်းသွားနိုင်တယ်။ တကယ်တန်းပြောရရင် စျေးကွက်စီးပွားရေးစနစ်ဆိုတဲ့ သဘောတရားအရ စားသုံးသူ၊ ဝယ်ယူသူနဲ့ ထုတ်လုပ်ရောင်းချသူတွေအကြား ယုံကြည်မှုအရ သွားနေတာ ဥပဒေအရထိန်းချုပ်လို့မရဘူး။ နိုင်ငံရဲ့အရေးပေါ်အခြေအနေအရ ဥပဒေရေးရာအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေပေါ် အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အွန်လိုင်းနဲ့မှတ်ပုံမတင်ရင်အရေးယူမယ်လို့ အတင်းအကြပ်လုပ်တာ နိုင်ငံသားတွေရဲ့သဘောဆန္ဒမပါဘဲ ထိန်းချုပ်ဖို့ ကြိုးစားနေတာ လက်ခံနိုင်စရာမရှိဘူး"ဟု ၎င်း၏အမြင်ကိုဆိုသည်။

အွန်လိုင်းမှ ကုန်စည်ပစ္စည်းများကို ရောင်းချသူများ ၊ ဝန်ဆောင်မှုပေးသူများမှာ စီမံသတ်မှတ်ထားသည့် မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် သတ်မှတ်ထားသည့် ဥပဒေများကို လိုက်နာရမည် ဖြစ်ကြောင်း၊လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေများဖြင့်အရေးယူမည်ဖြစ်ကြောင်း ထိုလမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

" စားသုံးသူနဲ့ ရောင်းချသူတွေကို ကာကွယ်ပေး ညှိနှိုင်းပေးဖို့ ဥပဒေထုတ်တာထက် အခွန်ကောက် ပိုက်ဆံ ရှာဖို့နဲ့ နောက်ထပ် ဒီထက် ပိုတင်းကျပ်ပြီး သူတို့ဆီကနေ မဖြစ်မနေ ကုန်စည်နဲ့ ငွေ စီးဆင်းတာမျိုးကိုပဲ သူတို့လုပ်လာကြမှာပါ။ဖတ်ကြည့်တော့လည်း နိုင်ငံတကာမှာ ရှိတဲ့ ဥပဒေတွေကို သေချာ မှီငြမ်းထားတာမျိုး အချိန်သေချာပေးပြီး ကျကျနန စီစဥ်ခဲ့တာမျိုး မရှိလောက်ဘူးလို့ မြင်တယ်"ဟု Open Data Initiative နည်းပညာရှင်ကိုကိုရဲကသုံးသပ်သည်။

ထို့ပြင် ကိုယ်ရေးကိုယ်တာအချက်အလက်( Data Privacy ) ဆိုင်ဘာမှုခင်းများနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေ၊ Open Data - Standardized Data Architecture များဆိုသည့် ဥပဒေများ မရှိသေးဘဲ လမ်းညွှန်ချက်တွင် ထည့်သွင်းရေးထားသည့်အတွက် လက်တွေ့တွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ၎င်းတို့က ထောက်ပြပြောဆိုသည်။

Open Data - Standardized Data Architecture ဆိုသည်မှာ အစိုးရ၏ အစိတ်အပိုင်းတခုဖြစ်၍ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု လုံခြုံရေး စသည့်သတ်မှတ်ချက်တွေများ စည်းမျဉ်းချက်များဖြင့် မည်သူမဆို အချက်အလက်များ သုံးနိုင်၊ ကိုးကားနိုင်၊ ဝင်ရောက်ဖတ်ရှူနိုင်သည့် ဒေတာကို ဆိုလိုခြင်းဖြစ်သည်။

"ဘာဥပဒေနဲ့မှ မညိစွန်း ဘာအကြောင်းပြချက်မှ မရှိဘဲ ဈေးထဲမှာ တရားဝင် ပန်းရောင်းတဲ့သူကို ဖမ်း ၊ ပန်းပန်တဲ့သူတွေကို ဖမ်းနေတဲ့သူတွေက e-Commerce ဥပဒေထုတ်ပြန်တာ အတော် ရယ်စရာကောင်းနေတယ်"ဟုပြည်တွင်းနည်းပညာရှင်တစ်ဦးက ဝေဖန်သုံးသပ်သည်။

E-Commerce လုပ်ငန်းလုပ်ကိုင်သူသည် နိုင်ငံခြားသုံးငွေကိုအသုံးပြု၍ ငွေပေးချေမှုဆောင်ရွက်ရာ၌ ဗဟိုဘဏ်မှသတ်မှတ်ထားသည့် နိုင်ငံခြားငွေစီမံခန့်ခွဲမှုစည်းမျဥ်းများနှင့်အညီလိုက်နာဆောင်ရွက်ရန်နှင့် ပြည်တွင်း၌ရောင်းဝယ်မှုများအတွက်မြန်မာကျပ်ငွေဖြင့်သာငွေပေးချေဆောင်ရွက်ရမည်ဟုလည်းဖော်ပြထားသည်။

အိမ်နီးချင်းနိုင်ငံများ၌အာဏာပိုင်များက E-Commerce ကို တိကျခိုင်မာသည့် ဥပဒေများ၊ စံသတ်မှတ်ချက်များနှင့် အညီ ပြဋ္ဌာန်းကြောင်း ဥပဒေပညာရှင်များကဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

# E-Commerce

#အွန်လိုင်းစီးပွားရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly