နိုင်ကျဉ်းများ​၏ အစာငတ်ခံဆန္ဒပြခြင်း ပြီးဆုံးပြီဖြစ်သော်လည်း ဆက်လက်စောင့်ကြည့်ရန်လိုအပ်

By YT (မဇ္ဈိမ)
14 September 2023
နိုင်ကျဉ်းများ​၏ အစာငတ်ခံဆန္ဒပြခြင်း ပြီးဆုံးပြီဖြစ်သော်လည်း ဆက်လက်စောင့်ကြည့်ရန်လိုအပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ ဦး​၏ အစာငတ်ခံဆန္ဒပြခြင်း ခြောက်ရက်မြောက်နေ့တွင် အောင်မြင်စွာပြီးဆုံးပြီဖြစ်သော်လည်း အခြေအနေအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေး၊ မီးသတ်ဌာနတို့က မုံရွာထောင်တွင်း အထူးရှာဖွေရေး စတင်ပြီး ခွင့်ပြုချက်ဖြင့် သွင်းယူထားသည့် နိုင်ငံရေးအကျဉ်းသားများ​၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းသွားကြသဖြင့် စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံ ဆန္ဒပြခြင်း စတင်ခဲ့သည်။

ထို့နောက် မုံရွာလူထုသပိတ်တိုက်ပွဲကော်မတီ သပိတ်ခေါင်းဆောင် တဦးဖြစ်သည့် ကိုဝေမိုးနိုင်အပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသား ၃၆ ဦးကပါ ပူးပေါင်းပါဝင်ခဲ့သဖြင့် မုံရွာထောင်တွင် အစာငတ်ခံ ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးအထိ ရှိလာခဲ့သည်။

(၁) အကျဉ်းသားတဦးချင်းဆီထံမှ သိမ်းဆည်းသွားသော စာအုပ်သုံးအုပ်စီအား ပြန်ပေးရန်၊ (၂)အကျဥ်းသားတဦးလျှင် ပုံစံ သုံးစုံစီ ခွင့်ပြုထားပါလျက် သိမ်းဆည်းသွားခြင်းကို ပြန်ပေးရန်၊ (၃) သိမ်းဆည်းသွားသော စားအိုးစားခွက်များ၊ အစားအသောက်နှင့်ဟင်းများ ပြန်ပေးရန်၊ (၄) အကျဥ်းသားတဦးလျှင် စာ ၁ဝ စောင်၊ ပုံ ၁၀ ပုံ ခွင့်ပြုထားသော်လည်း သိမ်းဆည်းသွားသော စာများ၊ ပုံများကို ပြန်ပေးရန် စသည့် အချက်လေးချက်ကို တောင်းဆို ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြကာလအတွင်း အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးသည် အာဟာရချို့တဲ့မှုကြောင့် သတိလစ်မေ့မျောသည့် အခြေအနေထိ ရောက်ခဲ့သော်လည်း အကျဉ်းဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှု တစုံတရာ မပေးခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ အစာငတ်ခံ ဆန္ဒပြခြင်း ခြောက်ရက်မြောက်နေ့ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့၊ နေ့လယ် ၁၁ နာရီတွင် မုံရွာအကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား ၅၀ ဦး​၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုချက်များအား ထောင်အာဏာပိုင်များက လိုက်လျောလိုက်သဖြင့် ဆန္ဒပြခြင်းအောင်မြင်စွာပြီးဆုံးကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

သို့ရာတွင် အခြေအနေအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

" ကျွန်တော်တို့ကတော့ ဆက်လက်စောင့်ကြည့်ဖို့လိုပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ ဒီမုံရွာထောင်မှာဖြစ်နေတဲ့ ဆန္ဒပြမှုက ပြည်သူတွေကြားမှာရော မီဒီယာလောကမှာပါ သတင်းကပြန့်နေတဲ့အတွက်ကြောင့်မို့ ဒီအာဏာပိုင်အဖွဲ့အစည်းတွေကြားမှာလည်း လှုပ်လှုပ်ခတ်ခတ်ရှိလိမ့်မယ်။ အဲ့ဒီဖိအားနဲ့ အလျော့ပေးလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ တဖက်မှာလည်း အဲ့ဒီလိုအလျော့ပေးပြီးတော့မှ စိတ်ထဲမှာ တခုခုတေးထားပြီးတော့မှ နောက်ဆက်တွဲဖိနှိပ်မှုတွေ ရှိလာနိုင်မလား၊ ဘယ်လိုမျိုး ထပ်ပြီးတော့မှ ဆောင်ရွက်ကြမလဲတော့ စောင့်ကြည့်ဖို့လိုအပ်ပါသေးတယ်" ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

ထို့အပြင် အစာငတ်ခံဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ​၏ လက်ရှိ ကျန်းမာရေးအခြေအနေများကိုလည်း မသိရသေးကြောင်း၊ တောင်းဆိုချက်များအား လိုက်လျောပြီးဖြစ်၍ ‌ဆန္ဒပြစဉ်အတွင်း မေ့မျောခဲ့သည့် နိုင်ငံရေးအကျဉ်းသား သုံးဦးအပြင် အခြားသော ဆန္ဒပြ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပြန်ပေးရန်သာ ယူဆကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉,၄၆၅ ဦးထက်မနည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ​၏ စက်တင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မုံရွာအကျဉ်းထောင်

#နိုင်ကျဉ်းများ

#အစာငတ်ခံဆန္ဒပြ

ဓါတ်ပုံ- မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly