ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ

By လွှမ်းမိုး (မဇ္ဈိမ)
14 September 2023
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် တောင်ခြမ်းတွင် စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ကာ စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ရှောင်များသည် မိုးထဲရေထဲ စစ်ရှောင်နေရသည့်အတွက် အခက်အခဲများရှိနေကြောင်း ဒေသခံတဦးက မဇ္ဈိမကို ယခုလိုပြောသည်။

“ စစ်ရှောင်အများစုက တောထဲမှာ နွားတွေ ၊ လှည်းတွေနဲ့ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။ မိုးက မပြတ်ဘူး ရွာနေတာ ဆိုတော့ နေဖို့ထိုင်ဖို့ အတွက် မိုးကာတွေတော့ တော်တော်များများ လိုအပ်နေတာဖြစ်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ချုံခို တိုက်ခိုက်ခြင်းကို ခံနေရပြီး ၊ ညပိုင်းအချိန်တွင် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်လန့်နေရကြောင်း သိရသည်။

“ စစ်ကြောင်းက ရွာတွေထဲကို ဝင်တော့မယ်ဆို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ပြီးမှ ဝင်တာဖြစ်တယ်ဗျ။ ညပိုင်း အချိန်တွေဆိုလည်း အကြိမ်ရေများစွာ ရမ်းသန်းပစ်ခတ်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ လက်နက်ကြီးရန်ကို ကြောက်နေရတဲ့အတွက် ဝေးနိုင်သမျှ အန္တရာယ်ကင်းတဲ့နေရာတွေကို ရှောင်နေရတယ်” ဟု အခြား ဒေသခံစစ်ရှောင် တဦးက ဆိုသည်။

၎င်း စစ်ကြောင်းသည် ခန့်မှန်း စစ်အင်အား ၁၀၀ ခန့်ရှိပြီး ယခုအချိန်တွင် ဆူးပုတ်ကုန်းကျေးရွာသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ အင်ကြင်းစု ၊ နွယ်ရှောက် ၊ မန်ကျည်းခွ ၊ ညောင်ကုန်း ၊ ဖိုလ်ကုန်း ၊ လှော်ကား စတဲ့ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly