ဘိုကလေးမြို့ခံ လူငယ်၄ဦး သေဒဏ်ချမှတ်ခံရ

By မင်းထက် (မဇ္ဈိမ)
14 September 2023
ဘိုကလေးမြို့ခံ လူငယ်၄ဦး သေဒဏ်ချမှတ်ခံရ

ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်မှ လူငယ်လေးဦးကို လူသတ်မှုဖြင့် စစ်ကောင်စီက  စွပ်စွဲဖမ်းဆီးပြီး တနှစ်ကျော်ကြာ စစ်ဆေးပြီးနောက် သေဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံမှသိရသည်။

အသက် ၂၀ ခန့် လူငယ်များဖြစ်သော ကိုပြည့်စုံဖြိုး ၊ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်းတို့ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးက သေဒဏ်ချမှတ်ခဲ့ခြင်းဟု ဆိုသည်။

၎င်းတို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က ဘိုကလေးမြို့နယ်၊အမှတ် (၆) ရပ်ကွက်နေ သူဇာကြီး (ခေါ်)မသူဇာ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရမှုအား ကျူးလွန်သူများဟုဆိုကာ သေဒဏ်ချမှတ်ခြင်းဟု နိုင်ငံရေးအကျဥ်းသားဦး၏မိသားစုဝင်ကပြောသည်။ သေဒဏ်မချမီကလည်း လေးဦးစလုံးအား အကြမ်းဖက်ဆိုင်ရာပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသေးသည်ဟု သိရသည်။

မသူဇာအား သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းမှုကို ၎င်းတို့အဖွဲ့က ပြုလုပ်ခဲ့ခြင်းဟု ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ဖူးသည်။ ထို့အပြင် ယခု လူငယ်လေးဦးအား သေဒဏ်ချမှတ်မှုသည် မှန်ကန်မှုမရှိကြောင်း၊၎င်းတို့
လေးဦးမှာ PDF များမဟုတ်ကြောင်း ဖျာပုံခရိုင်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

"ဒီလေးယောက်က PDF မဟုတ်ပါဘူး။ သေချာတာတော့ စွပ်စွဲအမိန့်ချတာပါ"ဟုတော်လှန်ရေးအဖွဲ့ဝင်ကပြောသည်။

သေဒဏ်ချမှတ်ခံရသော လူငယ်လေးဦးကို စစ်ကောင်စီလက်အောက်ခံရဲများက ပုသိမ်အကျဥ်းထောင်သို့ပို့မည်ဟု သိရသော်လည်း အမှန်တကယ် ပို့ဆောင်ခြင်း ရှိ၊မရှိကို အတည်မပြုနိုင်သေးပေ။

ဧရာဝတီတိုင်းတွင်  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာလ ၃၀ ရက်နေ့က
လည်းမြန်အောင်မြို့နယ် သပြေကုန်းကျေးရွာမှအသက် ၂၇ နှစ်အရွယ် CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို လူသတ်မှုဖြင့် ဖမ်းဆီးပြီး ဟင်္သာတထောင်တွင်းတရားရုံးကသေဒဏ်ချမှတ်ခဲ့သေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၄၆ ဦးရှိနေပြီဖြစ်သည်။

စာတည်း -အေးချမ်း
#mizzima
#ဘိုကလေးမြို့နယ်
#လူငယ်လေးဦး
#သေဒဏ်ချမှတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly