ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ တိုက်ခန်းအိမ်ရာတခု၌ မီးလောင်မှု ဖြစ်ပွား၍ လူ ၃၀ ဦးထက်မနည်း သေဆုံးကြောင်းနှင့် သေဆုံးသူများထဲတွင် ကလေးများလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြည်တွင်းမီဒီယာများက စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြသည်။
နေထိုင်သူ ၁၅၀ ခန့် ရှိသည့် ကိုးထပ် အဆောက်အအုံတွင် ညပိုင်းအချိန်အတွင်း မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် မီးကို ဒေသစံတော်ချိန် မနက် ၂ နာရီခန့်တွင် ထိန်းနိုင်ခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီ (VNA) က ဖော်ပြသည်။
မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်နှင့်ပတ်သက်ပြီး အပြီးသတ် စစ်ဆေးလုပ်ဆောင်ရဦးမည်ဟု ဟနွိုင်းမြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ရိုက်တာ၏ ဆက်သွယ်မေးမြန်းမှုကို တုံ့ပြန်ဖြေကြားပြီး အသေးစိတ်ကို ပြောဆိုခြင်း မရှိခဲ့ပေ။
နိုင်ငံပိုင် Dan Tri နှင့် Saigon Giai Phong သတင်းဌာနများက မီးလောင်မှုကြောင့် လူ ၃၀ ဦး သေဆုံးကြောင်း ဟနွိုင်းရဲတပ်ဖွဲ့ကို ကိုးကားဖော်ပြသည်။ အဆိုပါ သတင်းများကို ရိုက်တာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
တိုက်ခန်းအိမ်ရာ အဆောက်အအုံမှ မီးခိုးမည်းလုံးများ ထွက်နေစဉ် အခင်းဖြစ်ပွားရာ နေရာတွင် မီးသတ်ပိုက်များ၊ လှေကားများဖြင့် မီးသတ်သမားများ ရောက်နေသည်ကို ရုပ်သံပုံရိပ်များတွင် တွေ့ရသည်။
မီးလောင်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
မီးလောင်မှုဖြစ်ပွားစဉ် ပြတင်းပေါက်များမှ ခုန်ချခဲ့ကြ၍ ထိခိုက်ဒဏ်ရာ ရသူတချို့ကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဟနွိုင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ဆေးရုံမှ တာဝန်ရှိသူတဦးဖြစ်သည့် ဗူဟောင်ဖွန်းကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
ဝန်ကြီးချုပ် ဖမ်မင်ချင်းသည် စက်တင်ဘာ ၁၃ ရက်က အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးပြီး လူနေထူထပ်သော ဧရိယာများနှင့် အရွယ်အစားသေး တိုက်ခန်းအိမ်ရာ အဆောက်အအုံများတွင် မီးဘေးအန္တရာယ် တားဆီးရေး စည်းမျဉ်းများ အပြီးသတ်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တရပ်အရ သိရသည်။