'နောက်ထပ် အရှက်ရစရာ ရှုံးနိမ့်မှု'အပြီးမှာ တရုတ်ပရိသတ်တွေ ဆီးရီးယားအသင်းကို အားပေးခဲ့ကြ

By By PKThawn
13 September 2023
'နောက်ထပ် အရှက်ရစရာ ရှုံးနိမ့်မှု'အပြီးမှာ တရုတ်ပရိသတ်တွေ ဆီးရီးယားအသင်းကို အားပေးခဲ့ကြ
Photos: Xinhua/Video screenshot

တရုတ်အစိုးရပိုင်မီဒီယာက 'အရှက်ရစရာကောင်းတဲ့ ရှုံးနိမ့်မှု"လို့ ခေါ်ဆိုခဲ့ပြီးနောက် ဒေါသထွက်နေတဲ့ တရုတ်ပရိသတ်တွေဟာ အသင်းရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပြီး လာရောက်ကစားတဲ့ ဆီးရီးယားအသင်း ကွင်းအတွင်းမှ ထွက်ခွာချိန်မှာ လက်ခုပ်သြဘာပေးဂုဏ်ပြုခဲ့ကြပါတယ်။

တရုတ်လက်ရွေးစင်အသင်းရဲ့ ဆားဘီးယားနည်းပြ အလက်ဆန်ဒါ ဂျန်ကိုဗစ်က အင်္ဂါနေ့က ချန်ဒူးမှာ ၁-၀ ဂိုးနဲ့ ခြေစမ်းပွဲ ရှုံးခဲ့တဲ့အတွက် ကံမကောင်းကြောင်း အပြစ်တင်ခဲ့ပါတယ်။ သူတို့ဟာ အိမ်ကွင်းမှာ မလေးရှားကိုလည်း ၁-၁ နဲ့ သရေကျအပြီး ရက်ပိုင်းအကြာမှာပဲ ဒီရလဒ်ထွက်လာတာပါ။

သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို တစ်နေ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ကမ္ဘာ့ဖလားကိုတောင် ဆွတ်ခူးစေလိုပေမယ့်လည်း သူတို့ဟာ ကမ္ဘာ့အဆင့် ၈၀ မှာ ရပ်တည်နေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ယုံကြည်မှုက အောက်ခြေမှာ ရှိနေပါတယ်။

ခံစစ်ကွင်းလယ်ကစားသမား သာကေရုမာက ဖီဖာအဆင့်သတ်မှတ်ချက် အဆင့် ၉၄ နေရာမှာရှိတဲ့ ဆီးရီးယားအသင်းအတွက် ဒုတိယပိုင်း အနိုင်ဂိုးကို ပရိသတ် ၆၀,၀၀၀ ဆံ့တဲ့ အားကစားကွင်းမှာ ပရိသတ် ၁၂,၀၀၀ ကျော်ရှေ့မှာ သွင်းယူခဲ့ပါတယ်။

အဲဒီနောက်မှာ ဒေါသကြီးတဲ့ အိမ်ရှင်ပရိသတ်တွေက အော်ဟစ်ပြီး လက်မှတ်တွေအတွက် ပြန်အမ်းငွေပေးဖို့ တောင်းဆိုခဲ့တယ်လို့ အနောက်တောင်ပိုင်းမြို့မှ သတင်းဖော်ပြခဲ့တဲ့ The Paper က ဆိုပါတယ်။

တရုတ်ကစားသမားတွေကို ဝိုင်းဝန်းအော်ဟစ်နေကြပြီး  ပွဲကြည့်ပရိသတ်တွေက "ရှက်စရာကောင်းလိုက်တာ!"လို့ ကြွေးကြော်နေကြကို ဗီဒီယိုမှတ်တမ်းမှာလည်း တွေ့ရပါတယ်။

"ဒါဟာ ကျနော်တို့အတွက် စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တစ်ခုပါ"လို့ ဂျန်ကိုဗစ်ရဲ့ ပြောကြားချက်ကို အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီကကိုးကားဖော်ပြခဲ့ပါတယ်။

"မလေးရှားနဲ့ သရေကျပြီးနောက်မှာ ကစားသမားတွေကို အင်တိုက်အားတိုက်အဆင့်နဲ့ တုံ့ပြန်ဖို့ ကျနော်တို့ တောင်းဆိုခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ ပွဲကို အနိုင်မရခဲ့ပါဘူး။"

"ကစားသမားတွေ ကေားင်မွန်နိုင်သလောက် မကောင်းဘူးလို့ ကွင်းထဲက သူတို့တွေအကြောင်း ပြောရတာ ကျနော့်အတွက် လွယ်ပါတယ်၊ ဒါပေမယ့် ကျနော် အဲဒီလိုလုပ်ရမှာကို မကြိုက်ပါဘူး" လို့ ဖေဖော်ဝါရီလမှာ ခန့်အပ်ခံရတဲ့ ဂျန်ကိုဗစ်က ထပ်ပြောခဲ့ပါတယ်။

"ပွဲတိုင်းက မတူပါဘူး၊ ကျနော်တွေ အရှုံးကနေ အရေးကြီးတဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ပါသေးတယ်။"

တရုတ်နိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲနဲ့ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ကာတာနိုင်ငံမှာ ကျင်းပမယ့် အာရှဖလားခြေစစ်ပွဲတို့ စတင်မှုနဲ့အတူ ဆိုးရွားတဲ့ လအနည်းငယ်နဲ့ ရင်ဆိုင်နေရပါတယ်။

တရုတ်ဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံ့နည်းပြဟောင်း လီတိုင်အပါအဝင် ဦးဆောင်သူအများအပြားကို စုံစမ်းစစ်ဆေးတာ ဒါမှမဟုတ် စွဲချက်တင်ထားတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကြီးတရပ်ကို ချုပ်ကိုင်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly