အရပ်သားများထိခိုက်မှု ၎င်းတို့ပစ်ခတ်မှုကြောင့်ဖြစ်ပါက တာဝန်ယူမည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ပြော 

By ဂျူချန်း(မဇ္ဈိမ)
13 September 2023
အရပ်သားများထိခိုက်မှု ၎င်းတို့ပစ်ခတ်မှုကြောင့်ဖြစ်ပါက တာဝန်ယူမည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ပြော 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လူနေဧရိယာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီ၏ ခမရ(၅၉၁)တပ်ရင်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေးမြို့အခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရွာတွင်းကျရောက်ပေါက်ကွဲသည့် လက်နက်ကြီး သည် ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးဖြစ်ပါက တာဝန်ယူသွားမည်ကြောင်း အဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။

“လောလောဆယ် ကျနော်တို့ မြေပြင်အဖွဲ့နဲ့ အဆက်အသွယ်မရ ဖြစ်နေပါတယ်။ တကယ်လို့ ကျနော်တို့ ကျည်သာမှန်တယ်ဆိုရင် ထိခိုက်သွားတဲ့ပြည်သူတွေကို တောင်းပန်ရမယ်ပေါ့နော်။ ပြီးတော့ တာဝန် လည်းအပြည့်ယူရမှာပေါ့၊ လူထုထိခိုက်သွားတာဆိုတော့။ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေလည်းလုပ်မှာ ပါ” ဟု ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျောင်းရွာဈေးနှင့် ရွာအလယ်သို့ လက်နက်ကြီး ကျရောက်ပေါက် ကွဲခဲ့ရာ အသက် ၄၀ အရွယ် ဒေါ်ချမ်းမှာ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ကျည်စထိမှန်ကာ စိုးရိမ်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါ်ငို၊ မရုတ်သီး(အမည်အရင်းမသိရ)နှင့် ဦးချစ်အောင်တို့ မစိုးရိမ်ရ ဒဏ်ရာရခဲ့ကာ နေအိမ် သုံးလုံးနှင့် ဈေးဆိုင်တဆိုင် ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောသည်။

“မချမ်းတို့အိမ်နားမှာ ကျတာ၊ သူကတော့ နဖူးနဲ့ လည်ပင်းထိတာ နည်းနည်းများတယ်။ ကျန်တဲ့သူတွေက နည်းနည်းပဲထိတာ။ ကျောင်းနားကျတဲ့အလုံးမပေါက်တာ တော်သေးလို့။ ကလေးတွေအတွက် မတွေးရဲ စရာပဲ။ ရွာစွန်ကအိမ်တော့ ကြေမွသွားတယ်။ အမတို့လည်း တခါမှမကြုံဖူးတော့ အရမ်းလန့်နေတာ” ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် လက်နက်ကြီးထိမှန်ဒဏ်ရာရသူများအား ကျောင်းရွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါနေ့က ည ၈ နာရီခန့်တွင်လည်း ခမရ(၅၉၁)က လက်နက်ကြီးဖြင့် နှစ်ကြိမ် ထပ်မံပစ် ခတ်ခဲ့သေးကြောင်း ဒေသခံက ပြောသည်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား မကြာ ခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး အရပ်သားများနေထိုင်သည့်ကျေးရွားများအတွင်းသို့ လက်နက်ကြီး ကျ ရောက်ပေါက်ကွဲခြင်းကြောင့် လူသေဆုံးမှုများရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ရေးမြို့နယ် နှစ်ကရင်နှင့် ကျောက်အိုင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
 
စစ်ကောင်စီလက်အောက်ခံ ခမရ(၅၉၁)အခြေစိုက်သည့် ကျောင်းရွာတွင် ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့ က ကျေးရွာအုပ်ချုပ်ရေးမှုူးရုံးရှေ့တွင် လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် အသက်ငါးနှစ်အရွယ် မိန်းကလေး ငယ်တဦးအပါအဝင် အရပ်သားသုံးဦးနှင့် အုပ်ချုပ်ရေးမှူးတဦး၊ ပြည်သူ့စစ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly