နယ်စပ်မှ ပုံမှန် ဆန်တင်ပို့မှု အောက်တိုဘာတွင် ပြန်စမည် မျှော်လင့် 

နယ်စပ်မှ ပုံမှန် ဆန်တင်ပို့မှု အောက်တိုဘာတွင် ပြန်စမည် မျှော်လင့် 

လာမည့် အောက်တိုဘာတွင် မူဆယ်နယ်စပ်ဂိတ်မှ တရုတ်သို့ ပုံမှန် ဆန်တင်ပို့မှု ပြန်စမည်ဟု မျှော်လင့်ထားကြောင်း မူဆယ်ရှိ ဆန်ကုန်စည်ဒိုင်က ပြောသည်။ 

ပြည်တွင်းဈေး မြင့်တက်နေခြင်းကြောင့် တင်ပို့မှု လျှော့ချထားရရာ မကြာသေးခင်က နယ်စပ်ဆန်တင်ပို့မှု ကျဆင်းပြီး လာမည့် အောက်တိုဘာတွင်မူ ပုံမှန် ဆန်ပြန်လည် တင်ပို့နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကုန်စည်ဒိုင် သတင်းရင်းမြစ်များက ပြောသည်။ 

ယခင်က မူဆယ်နယ်စပ်မှနေ၍ တရုတ်သို့ ဆန်နှင့် ဆန်ကွဲတင် ကုန်တင်ကား အစီး ၂၀ ခန့် ပုံမှန် တင်ပို့ခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိတွင် အရေအတွက်မှာ ကုန်တင်ကား နှစ်စီးလောက်သာ ရှိတော့သည့်အထိ ကျဆင်းသည်။ 

မြန်မာဆန်နှင့် ဆန်ကွဲ တင်ပို့ဈေးနှုန်းသည် နိုင်ငံတကာ ဝယ်လက်များသို့ တင်ပို့ရာ၌ ဈေးမြင့်တက်လျက် ရှိသည်ဟု မြန်မာ့ဆန်စပါးအသင်းချုပ် ထုတ်ပြန်သည့် ကုန်သွယ်ရေး အချက်အလက်များက ပြသည်။ 

ဧည့်မထ၊ ငစိန်/ရာကျော်၊ စင်းသုခကဲ့သို့ ဆန်အမျိုးအစားများ တရုတ်သို့ တင်ပို့သည့် ဈေးနှုန်းသည် ယခင်က တတန် ယွမ် ၃,၄၆၀ မှ ယွမ် ၃,၆၀၀ အထိ အမြင့်ဆုံး ရောက်ရှိနေသည်။ 

ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့် အိန္ဒိယက ဆန်တင်ပို့မှု တားမြစ်သည့်နောက်တွင် ကမ္ဘာ့ဈေးကွက်၌ ဆန်ဈေး မြင့်တက်လျက် ရှိပြီး အဓိက ဆန်ထုတ်လုပ်သည့်နိုင်ငံများနှင့် တင်ပို့သည့်နိုင်ငံများဖြစ်ကြသော ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာမှ ဆန်ဈေးကလည်း ကမ္ဘာ့ဈေးကွက်တွင် မြင့်တက်လျက် ရှိသည်။ 

ကုန်လွန်ခဲ့သည့် လေးလအတွင်း မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၅၆ ရာခိုင်နှုန်း ကျဆင်းသည်။ 

လက်ရှိ ဘဏ္ဍာနှစ်၏ ဧပြီမှ ဩဂုတ်အတွင်း မြန်မာနိုင်ငံသည် ဆန်တန်ချိန် ၃၈၀,၀၀၀ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၆၆ သန်း ရရှိကြောင်း ဆန်စပါးအသင်းချုပ်အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly