နိုဘယ်လ်ဆုရှင် ဖိလစ်ပိုင်ဂျာနယ်လစ်ကို အခွန်တိမ်းရှောင်မှုမှ တရားသေလွှတ်ပေး

နိုဘယ်လ်ဆုရှင် ဖိလစ်ပိုင်ဂျာနယ်လစ်ကို အခွန်တိမ်းရှောင်မှုမှ တရားသေလွှတ်ပေး

အခွန်တိမ်းရှောင်မှုဖြင့် စွဲချက်တင်ခံထားရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာ ရက်ဆာကို တရားရုံးက စက်တင်ဘာ ၁၂ ရက်တွင် အပြစ်မရှိကြောင်း စီရင်ချက်ချပြီး တရားသေလွှတ်ပေးလိုက်သည်။

ယင်းစီရင်ချက်က ဖိလစ်ပိုင် ဝါရင့် ဂျာနယ်လစ်အတွက် နောက်ထပ် ဥပဒေ ဆိုင်ရာ အောင်ပွဲတခု ဖြစ်စေခဲ့ပြီး သူမအနေဖြင့် အကျဉ်းချမခံရစေရန် ကြိုးပမ်းလျက်ရှိစဉ် ယခုအခါ သူမ၏ နောက်ဆုံးအပြီးသတ် အခွန်တိမ်းရှောင်မှု စွဲချက်တခုမှ တရားသေလွတ်မြောက်ခြင်းလည်း ဖြစ်သည်။

ငါးနှစ်နီးပါးအထိ အချိန်ကြာမြင့်နေခဲ့သည့် အမှုတွင် တရားသူကြီးက ယခု စီရင်ချက်ကို ချမှတ်လိုက်သည့်အတွက် ရက်ဆာတယောက် ပြုံးပန်းဆင်နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရခဲ့သည့် အသက် ၅၉ နှစ်ရှိ ရက်ဆာသည် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်က အမှုဖွင့်ခံခဲ့ရသည့် စွဲချက်အများအပြားကို ရင်ဆိုင်နေခဲ့ရခြင်း ဖြစ်ပြီး လက်ရှိတွင် အမှုနှစ်ခုကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။

ဒူတာတေးနှင့် သူ၏ လူ့အသက်သေစေသော မူးယစ်စစ်ပွဲအပေါ် လူသိရှင်ကြား ဝေဖန်သူတဦးဖြစ်သည့် ရက်ဆာက ၂၀၁၂ ခုနှစ်က သူမ ပူးတွဲတည်ထောင်ခဲ့သည့် Rappler သတင်းဝက်ဘ်ဆိုဒ်နှင် သူမအပေါ်  စွဲဆိုသည့် စွဲဆိုချက်များသည် နိုင်ငံရေးပယောဂ မကင်းကြောင်း ထုတ်ဖော်ထားသည်။

“ရှင်တို့အနေနဲ့ ယုံကြည်ချက် ရှိရပါမယ်” ဟု ရက်ဆာက အမှုမှ တရားသေလွတ်ပြီးနောက် တရားရုံးအပြင်ဘက်တွင် သတင်းထောက်များကို ပြောသည်။

ရက်ဆာနှင့် Rappler သတင်းဌာနတို့သည် ကုမ္ပဏီများအတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ ငွေကြေးမတည်သည့် နည်းလမ်းတခုနှင့် ပတ်သက်သည့် ၂၀၁၅ ခုနှစ် အပ်နှံပြေစာကိစ္စရပ်မှ အစပြုသည့် အခွန်တိမ်းရှောင်မှုဆိုင်ရာ အစိုးရ စွဲချက် ငါးချက်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

တရားရုံးတခုက ၎င်းတို့ကို ဇန်နဝါရီလတွင် စွဲချက်လေးခုမှ တရားသေလွှတ်ပေးခဲ့သည်။ ပဉ္စမမြောက် စွဲချက်ကို တခြားသော တရားရုံးတခုက ကြားနာပြီး ရက်ဆာနှင့် Rappler တို့ အမှားတစုံတရာ မလုပ်ခဲ့ဟု စက်တင်ဘာ ၁၂ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly