မြင်းခြံနှင့် သပိတ်ကျင်းတွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ၂ ဦး အသတ်ခံရ

By 007 (မဇ္ဈိမ)
11 September 2023
မြင်းခြံနှင့် သပိတ်ကျင်းတွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ၂ ဦး အသတ်ခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ နှစ် ဦးအသတ်ခံရကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

“ဦးဝင်းလှိုင် အိမ်ထဲမှာ တယောက်ထဲရှိနေတုန်း ဆိုင်ကယ်နဲ့လူသုံးယောက်ရောက်လာပြီး ပစ်သွားတာ။ သေနတ်နဲ့ ခြောက်ချက်ပစ်သွားတယ်။ သေနတ်သမားတွေက မျက်နှာဖုံးစွပ်တွေနဲ့လို့ ပြောတယ်။ တဝိုင်း ထဲနေတဲ့ သူ့အမျိုးတွေပြန်ပြောပြလို့ သိရတာ။ ဒဏ်ရာငါးချက်နဲ့ သေတာတဲ့” ဟု လုံခြုံရေးအရ အမည် မဖော်ပြလိုသည့် ဒေသခံတဦးကပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်က ဦးဝင်းလှိုင် နေအိမ်၌ရှိနေစဉ် မျက်နှာဖုံးများစွပ် ထားသော ဆိုင်ကယ်စီးသေနတ်သမားသုံးဦးက အိမ်ရှေ့လမ်းပေါ်မှ သေနတ်ဖြင့်ပစ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာငါးချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ဦး၀င်းလှိုင်သည် ဂျုပ္ပင်ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်လည်း ယမန်နှစ် ဇန်နဝါရီလက ခန့်အပ်ခံရထားရ ကြောင်း သိရသည်။

၎င်းအား မည်သည့်အဖွဲ့အစည်းကသတ်ဖြတ်သွားကြောင်း မသိရသေးသော်လည်း ဂျုပ္ပင်ကျေးရွာနှင့် အနီး၀န်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းအထိ ရှာဖွေစစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်ကလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဝါးရုံ ကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးအုန်းလှိုင်ဆိုသူ သတ်ဖြတ်ခံခဲ့ ရကြောင်း သိရသည်။

ဦးအုန်းလှိုင်မှာ မိသားစုနှင့်အတူနေအိမ်အတွင်းရှိနေစဉ် လူတစုရောက်ရှိလာပြီး လက်ပြန်ကြိုးတုပ် ဖမ်း ဆီးခေါ်ဆောင်သွားကာ ဗန်းမော်-မန္တလေးကားလမ်းဘေးတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေး တိုင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“ဦးအုန်းလှိုင်ကို လူသုံးလေးယောက်လောက်က အိမ်ထဲ၀င်ပြီးဖမ်းသွားတယ်။ မနက်ကျတော့ ဗန်းမော်-မန္တလေးကားလမ်းဘေးမှာ အလောင်းပြန်တွေ့တယ်။ လည်ပင်းကို ဓားနဲ့လှီးပြီးသတ်သွားတာ။ အခု အဲဒီ ကိစ္စနဲ့ သပိတ်ကျင်းမြို့ပေါ်အထိ အစစ်အဆေးကြမ်းနေတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ဦးအုန်းလှိုင်အား မည်သည့်အဖွဲ့အစည်းက သတ်ဖြတ်ခဲ့ကြောင်း မသိရသေးသော်လည်း စစ်ကောင်စီ ထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင် PDF လက်ချက်ဖြစ်ကြောင်း ဖော်ပြကြသည်။

မန္တလေးတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်နှစ်လအတွင်း မန္တလေး၊ ၀မ်းတွင်း၊ နွားထိုးကြီး၊  မြင်းခြံနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့မှ ကြံ့ခိုင်ရေးပါတီ၀င်ခြောက်ဦး သတ်ဖြတ်ခံထားရသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly