မြိတ်-တနင်္သာရီလမ်းပိုင်းရှိ ဇဝဲလမ်းဆုံဂိတ်မှ ဖြတ်သန်းခွင့် စစ်ကောင်စီက ပိတ်ပင်

By ကိုရွှေမြိတ်(မဇ္ဈိမ)
10 September 2023
မြိတ်-တနင်္သာရီလမ်းပိုင်းရှိ ဇဝဲလမ်းဆုံဂိတ်မှ ဖြတ်သန်းခွင့် စစ်ကောင်စီက ပိတ်ပင်

တနင်္သာရီတိုင်း မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဇဝဲလမ်းဆုံ စစ်ကောင်စီစစ် ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က မြိတ်-တနင်္သာရီလမ်းပိုင်း အော်ကြီးကျေးရွာအနီးတွင် စစ်ကောင် စီတပ်ဖွဲ့မှ ကားတစီးနှင့် ခြေလျင်စစ်ကြောင်းတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက် ခိုက်မှုကြောင့် အရာရှိတစ်ဦးအပါဝင်ရှစ်ဦးခန့်သေဆုံးကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဇဝဲရွာလမ်းဆုံ ဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လမ်းပိတ်တယ်လို့ ၈ ရက်နေ့ကစပြီးကြားရတာ။ တချို့ကလည်း သွားလို့ရသေးတယ်ပြောတယ်။ ဒါပေမယ့် အခု ဒီနေ့ ၁၀ ရက်နေ့ ထပ်ကြားရတာက လုံး၀ ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးလို့ သိရ တယ်”ဟု မြိတ်-တနင်္သာရီ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မောင်းတဦးက ပြောသည်။

အဆိုပါဂိတ်ကို စစ်ကောင်စီတပ်ကပိတ်လိုက်ခြင်းဖြစ်ပြီး ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် ဆိုင် ကယ်အပါအဝင် မည်သည့်ယာဥ်အမျိုးအစားကိုမှ ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း ဂိတ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားများက ဖြတ်သန်းသွားလာသူများကို ပြောလိုက်ကြောင်း ဒေသခံ များကဆိုသည်။

စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည့် ဇဝဲလမ်းဆုံးဂိတ်သည် မြိတ်မြို့မှ တနင်္သာရီမြို့နှင့် ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်တို့ကို သွားလာသည့်လမ်းပိုင်းဖြစ်သည်။

ဇဝဲလမ်းဆုံဂိတ်တွင် ပြီးခဲ့သည့် ဩဂုတ်လကလည်း တနင်္သာရီမြို့နယ်နှင့် တကူကျေးရွာအပါဝင် အခြား ကျေးရွာများသို့ ဆန်၊ လောင်စာဆီနှင့် ဆေးဝါးများကို သယ်ဆောင်ခွင့် တပတ်ပိတ်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“ဘယ်နှစ်ရက်ပိတ်မယ်ဆိုတာ တိတိကျကျ မသိရဘူး။ အရင်လို ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့ သယ်ခွင့်ပေးပြီးပိတ်တာမျိုးမဟုတ်ဘဲ လူရော၊ ကုန်ပစ္စည်းတွေအပါဝင် ကားတွေကိုပါပိတ်လိုက်တော့ ကုန်စျေးနှုန်းတွေတက်နေရတဲ့အထဲ ထပ်တက်လာဖို့ပဲရှိတယ်” တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာမှ ကုန်စုံ ဆိုင်ရောင်းချနေသူအမျိုးသမီးတဦးကပြောသည်။

ဇဝဲလမ်းဆုံစစ်ဆေးရေးဂိတ်သည် တနင်္သာရီမြို့သို့ဝင်ရောက်ရာတွင် အဓိကဖြတ်သန်းရသော ဂိတ်ဖြစ်ပြီး ဂိတ်ပိတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအထက်ပိုင်းမှ ကုန်စည်များ ဝင်ရောက်မှုမရှိတော့သည့်အတွက် ရက်ကြာလာသည်နှင့်အမျှ ကုန်ဈေးနှုန်းများတက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်လည်းဖြစ်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ် နေ၍ အရပ်သားများအပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများလည်း ထိခိုက်မှု ရှိနေကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required