မော်ရိုကိုတွင် ငလျင်ကြီးလှုပ်၍ လူပေါင်း ၆၀၀ ကျော် သေဆုံး

မော်ရိုကိုတွင် ငလျင်ကြီးလှုပ်၍ လူပေါင်း ၆၀၀ ကျော် သေဆုံး

မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင်ကြီး လှုပ်ရာ လူပေါင်း ၆၀၀ ကျော်ထက်မနည်း သေဆုံးပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရကာ အဆောက်အအုံများ ပျက်စီးရ၍ မြို့ကြီးများမှ ပြည်သူများက နေအိမ်များမှ ထွက်ပြေးကြသည်။

၂၀၀၄ ခုနှစ်မှနောက်ပိုင်း နိုင်ငံ၏ အသေအဆုံး အများဆုံး ယင်း ငလျင်သည် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိပြီး သောကြာနေ့ညပိုင်းက အက်လက်စ်တောင်တန်းများတွင် လှုပ်ခြင်း ဖြစ်သည်။ သေဆုံးသူအများစုမှာ အရောက်အပေါက် ခက်ခဲသော တောင်တန်းဧရိယာများမှ ဖြစ်ကြောင်း ဒေသတာဝန်ရှိသူတဦးက ပြောသည်။ လူပေါင်း ၆၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူပေါင်း ၃၂၉ ဦး ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အသစ်တင်သော ကနဦး သေဆုံးဒဏ်ရာရသည့်နှုန်းကို နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြသည်။

ငလျင်ဗဟိုနှင့် အနီးဆုံးမြို့ကြီးဖြစ်သည့် မာရာကက်ရှ်မြို့တွင် ငလျင်ကြောင့် အဆောက်အအုံများ ပျက်စီးပြီး မြို့နေများက အိမ်ထဲဝင်ရောက် စိုးရိမ်ကြသဖြင့် ညပိုင်းကို အပြင်၌ ကုန်ဆုံးရသည်။

မာရာကက်ရှ်မြို့ဟောင်း၏ အဓိကဖြစ်ပြီး ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင် ဂျမ်မယ်အယ်ဖနာရင်ပြင်က ဗလီမျှော်စင်တခု ပြိုကျသည်။

“အားပြင်းငလျင်ကြောင့် ညပိုင်းမှာ ကျွန်တော်တို့တွေ ထွက်ပြေးကြရတယ်”ဟု မြို့ဟောင်းမှ ဒေသခံ မိုဟာမတ်က လူအများ ဘေးကင်းရေးအတွက် ပြေးလွှားကြသည့် ဝရုန်းသုန်းကား အခြေအနေကို ပြောပြသည်။

“အိမ်ထဲမှာ ကျွန်တော် မအိပ်ရဲဘူး၊ ငလျင်လှုပ်တာကြောင့်ရယ်၊ မြို့ဟောင်းမှာက အိမ်ဟောင်းတွေ ပြည့်နေလို့ပဲ၊ တကယ်လို့ အိမ်တအိမ် ပြိုကျတယ်ဆိုရင် အခြားအိမ်တွေပါ လိုက်ပြိုကျမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ပျက်စီးနေသော ကားများပေါ်တွင် အုတ်ကျိုးအုတ်ပဲ့များ တင်နေသည့် ဓာတ်ပုံများကို ဌာနေရုပ်သံက ထုတ်လွှင့်ပြသသည်။

ငလျင်သည် အယ်လ်ဟော့ဇ်၊ အော်ဇာဇက်၊ မာရာက်ရှ်၊ အဇယ်လာ၊ ချီချာအွာနှင့် တာရိုဒန့်ပြည်နယ်များတွင် လှုပ်သွားခဲ့သည်ဟု ရုပ်သံထုတ်ပြန်ချက်၌ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုပြီး စိတ်အေးအေးထားကြရန် တိုက်တွန်းသည်။

ယခု ငလျင်သည် ၂၀၀၄ ခုနှစ်က ငလျင်နောက်ပိုင်း အသေအဆုံး အများဆုံး ငလျင်ပဲ ဖြစ်သည်။ ၂၀၀၄ ခုနှစ်က မြောက်ပိုင်း ရစ်ဖ်တောင်တန်းများတွင် လှုပ်သွားသော ငလျင်၌ လူပေါင်း‌ ၆၀၀ ကျော် သေဆုံးခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly