ကျောက်မဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်များသိမ်းဆည်းရမိ စစ်ကားချောက်ထဲထိုးကျ 

By ဂျူချန်း(မဇ္ဈိမ)
09 September 2023
ကျောက်မဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်များသိမ်းဆည်းရမိ စစ်ကားချောက်ထဲထိုးကျ 
ဓါတ်ပုံ-TNLA ပုံစာ- ကျောက်မဲတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်များ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် တောင်နီကျေးရွာနှင့် လဲကြီးကျေးရွာကြားတွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံမှ သေနတ် လေးလက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိကာ စစ်ကားတစီး ချောက်အတွင်းသို့ ထိုးကျပျက်စီးခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇နာရီခွဲခန့်တွင် တောင်နီကျေးရွာမှ လဲကြီးကျေးရွာသို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ၏ တပ်မ(၈၈)၊ ခလရ(၇၁)တပ် နှင့် TNLA တပ်ရင်း(၅၉၃) တို့ကြား တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ မွန်းလွဲ ၂နာရီခွဲခန့်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံမှ MA1 သေနတ် သုံးလက်၊ MA2 သေနတ် တလက် နှင့် ခဲယမ်းကျည်ဆန်များ သိမ်းဆည်းရမိခဲ့ပြီး စစ်ကားတစီး ချောက်အတွင်းသို့ ထိုးကျပျက်ဆီးခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရကြောင်း ဆိုသည်။

အလားတူ စက်တင်ဘာလ ၇ ရက်နေ့တွင် လားရှိုးမြို့နယ် မှ သိန္နီမြို့နယ်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား လားရှိုးမြို့နယ် မုန်းလီကျေးရွာနှင့် ကောင်းဆာကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ထိခိုက်သေဆုံးမှုအခြေနေ အတိအကျမသိရကြောင်း TNLA မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ TNLA လှုပ်ရှားနယ်မြေများဖြစ်သည့် ကျောက်မဲ၊ မူဆယ်၊ ကွတ်ခိုင် မြို့နယ်များတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၃၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA မှဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly