စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ညနေပိုင်းမှစတင်ကာ ယနေ့ စက်တင်ဘာ၈ရက် နံနက်အထိ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်အချို့နှင့်ကျေးရွာများ၌ ရေကြီးရေလျှံမှုဘေး ကြုံတွေ့နေကြောင်း ဒေသခံများမှသိရသည်။
ကလေးမြို့နယ်နှင့်ထိစပ်နေသည့် ချင်းတောင်တန်းတွင် မိုးသည်းထန်နေပြီး တောင်ကျရေများသည် ဥပုသ်ချောင်းနှင့် မြစ်သာမြစ်အတွင်း စီးဝင်ပြီးနောက် မြစ်၊ ချောင်းများရေလျှံနေခြင်းဟု သိရသည်။
"ဥပုသ်ချောင်းဘေး တလျှောက်မှာရေလျှံနေတာပါ။ ချောင်းဘေးရပ်ကွက်တွေရေဝင်နေတာပေါ့။ ထမင်းထုတ်တွေဝေဖို့ လုပ်နေပါတယ်"ဟု ကလေးမြို့၊ မေတ္တာထွဋ်ခေါင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတဦးက ပြောသည်။
ချောင်းရေဆက်လျှံနိုင်၍ ရေဘေးသတိပြုရန် ၎င်းက အသိပေးသည်။
ယနေ့ နံနက်တွင် မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ အောင်မေတ္တာ၊ တာဟန်း၊ ကြို့သုံးပင်၊ ပင်လုံစသည့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်နေပြီး တာဟန်းဈေးရှိ ဈေးဆိုင်တချို့ပိတ်ထားရကြောင်းသိရသည်။
ယနေ့ တိုင်းတာချက်အရ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၂၅ပေခန့်ရှိနေပြီး စိုးရိမ်ရေအမှတ်အနီးသို့ရောက်ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
ယနေ့ ရာသီဥတုအခြေအနေအရ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ ကလေးမြို့နယ်တွင် ၂၀၁၅ ခုနှစ် မိုးရာသီက ဆိုးရွားသည့်ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ဖူးသည်။
စာတည်း - အေးချမ်း