မြင်းခြံမြို့တွင် မီတာမဆောင်ပါက မီတာပုံးဖြုတ်မည်ဟု လျှပ်စစ်ဌာနမှသတိပေးစာဖြန့်ဝေ

By ဓါတု(မဇ္ဈိမ)
07 September 2023
မြင်းခြံမြို့တွင် မီတာမဆောင်ပါက မီတာပုံးဖြုတ်မည်ဟု လျှပ်စစ်ဌာနမှသတိပေးစာဖြန့်ဝေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မီတာမဆောင်ပါက နေအိမ်များ၏မီတာပုံးများလာဖြုတ်မည်ဟု စစ်တပ်လက်အောက်ခံ လျှပ်စစ်ဌာနဝန်ထမ်းများက သတိပေးစာများလာဝေကြောင်း မြင်းခြံမြို့ဒေသခံများထံမှသိရသည်။

အဆိုပါသတိပေးစာကို ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က မီတာမဆောင်သည့် နေအိမ်များနှင့်ကြွေးကျန်နေအိမ်များကို  ယနေ့စက်တင်ဘာလ ၇  ရက်နေ့ နောက်ဆုံးထားဆောင်ရန် တရက်သာလျှင်အချိန်ပေးပြီးသတိပေးခြင်းဖြစ်ကြောင်း မြို့ခံတဦးက မဇ္စျိမကိုပြောသည်။

"ဒီနေ့ဆောင်ရမယ်ဆိုတာကို မနေ့ကမှ သတိလာပေးတယ်၊ စဥ်းစားကြည့်ဗျာ၊ ဒီမှာက လက်လုပ်လက်စားသမားတွေများတယ်၊ အဆင်မပြေတာတကြောင်း၊ စကစကိုမီတာမဆောင်ချင်တာကတကြောင်းပေါ့ ၊ အာဏာသိမ်းပြီးကထဲက ဘယ်သူမှမဆောင်ခဲ့ဘူး။ ဆောင်တဲ့သူတွေလည်းနည်းတယ်။ ကြောက်လို့ဆောင်ကြတဲ့သူတွေပေါ့ ၊ အခုကျပြည်သူဆီက ပိုက်ဆံလိုနေတော့ ပြည်သူဆီကမရ ရအောင်တောင်းတော့မယ့်ပုံစံပါ "ဟု ၎င်းကပြောသည်။

သတိပေးစာတွင် မီတာမဆောင်သည့်နေအိမ်များ လာရောက်ဆောင်ပါရန်၊မီတာဆောင်နေကျနေအိမ်များလည်း ကြွေးကျန်ရှိပါက တခါတည်းဆောင်ပါရန်နှင့် မဆောင်ပါက မီတာပုံးများဖြုတ်မည့်အပြင် ရက်ကျော်မှလာစောင်လျှင်လည်း အချိန်ကာလ သုံးလစောင့်ကြည့်ကာ မီတာပြန်တပ်ရန် မူလလျှောက်ထားခဲ့စဥ်ကပုံစံအတိုင်း ကျသင့်တာများပါပေးချေရမည်ဟုဒေသခံများ၏ ပြောကြားချက်အရသိရသည်။

 " မီတာပုံးလိုက်ဖြုတ်တာကလည်း လမ်းမီးတိုင်မှာ ကြိုးဖြတ်ရင်သူတို့ပြန်သွားရင်ပြန်တပ်ပြီး သုံးကြလို့ဖြုတ်မှာ၊ သတိပေးတာတောင် အနားကပ်မှ ခြိမ်းခြောက်သလိုပုံစံ လာပြောတာ"ဟု မြင်းခြံမြို့ ဒေသခံတဦးက ပြောသည်။

အနယ်နယ်အရပ်ရပ်နှင့် မြို့ပြများတွင် လျှပ်စစ်ဝန်ထမ်းများမှ ပြီးခဲ့သည့်နှစ်ကစ၍ မီတာခလာရောက်ပေးဆောင်ရန်နှင့် မဆောင်ပါက မီးဖြတ်မည်ဟု ရပ်ကွက်များအတွင်း ကြိုတင်ကြော်ငြာသော်လည်း မြင်းခြံမြို့တွင်မူ တရက်သာအချိန်ပေး၍ ဖိအားပေးဆောင်ခိုင်းခြင်းကြောင့် ဒေသခံများအခက်​တွေ့နေကြောင်း၎င်းတို့က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly