နေပြည်တော်တွင် ကျင်းပမည့် အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် CRPH တိုက်တွန်း

By 001(မဇ္စျိမ)
07 September 2023
နေပြည်တော်တွင် ကျင်းပမည့် အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် CRPH တိုက်တွန်း

နေပြည်တော်တွင် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်ခြင်းအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။

အဆိုပါ အာဆီယံ လေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်တွင် စစ်ကောင်စီက ဦးဆောင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ယင်းညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပါဝင်တက်ရောက်ခြင်းသည် တရားမဝင် စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ခြင်းကို အားပေးရာရောက်ကြောင်း CRPH ကဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံတော်အာဏာကို ချုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတဝန်း၌ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ၊ လူမဆန်သော သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးဖြင့် ပြည်သူများအပေါ် တိုးမြှင့် ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စက်တင်ဘာလ ၆ ရက်နေ့အထိ စစ်ကောင်စီသည် ပြည်သူပေါင်း ၄,၀၀၀ ကျော်အားသတ်ဖြတ်ခဲ့ပြီး ပြည်သူ့နေအိမ် ၈၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ သိန်းကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရလျက်ရှိသည့်အပြင် ပြည်သူ ၁၈ သန်းကျော်မှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်းလည်း CRPH က ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး အရေးတကြီး လိုအပ်ချက်လျက်ရှိသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုများကို လုံးဝရပ်တန့်ပေးရန်လည်း CRPH က ထပ်လောင်းတောင်းဆိုထားသည်။

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေခြင်း ၊ ပူးပေါင်းဆောင်ရွက်နေခြင်းတို့မှာ အကြမ်းဖက်မှုနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဦးတည်စေနိုင်ကြောင်းလည်း သတိပေးထားသည်။

အဆိုပါ အာဆီယံ လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် Justice for Myanmar ကလည်း စက်တင်ဘာလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

အစည်းအဝေးဦးဆောင်ကျင်းပမည့် စစ်ကောင်စီ လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို အမိန့်ပေးကွပ်ကွဲသူဖြစ်ကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly