ညောင်ဦးတွင် ကင်းလှည့်လာသည့်စစ်ကား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ၊  ၁ ဦးသေ ၂ ဦးဒဏ်ရာရ

By 007 (မဇ္ဈိမ)
05 September 2023
ညောင်ဦးတွင် ကင်းလှည့်လာသည့်စစ်ကား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ၊  ၁ ဦးသေ ၂ ဦးဒဏ်ရာရ
ပုံစာ- စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြသော မိုင်းခွဲခံရသည့်စစ်ကား

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ ကင်းလှည့်လာသည့် Double Cab တစီး မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် တပ်ကြပ်တဦးသေဆုံးကာ တပ်သား နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

 “အားကစားကွင်းထဲ ဘောလုံးပွဲလုပ်နေချိန် ကွင်းအပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ၊ လုံခြုံရေး လှည့် ကင်းကို အဝေးထိန်းမိုင်းနဲ့ခွဲလိုက်တာလို့ သိရတယ်။ ကားပေါ်ပါလာတဲ့ စစ်သားသုံးယောက်ထိပြီး တယောက်သေတယ်၊ ‌ညောင်ဦးဆေးရုံမှသေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦး က ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ညောင်ဦးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ မြို့နယ်အားကစားကွင်းအပြင်ဘက် ပေ ၃၀၀ ခန့်အကွာတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ညောင်ဦး မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြို့နယ်ထွေ/အုပ်ဖလားဘောလုံးပြိုင်ပွဲကျင်းပနေ၍ စစ်ကောင်စီတပ်ဖွဲ့ က လုံခြုံရေးအတွက် လှည့်ကင်းနေစဉ် တိုက်ခိုက်ခံရလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသော တပ်ကြပ်အောင်စိုးမိုး၊ တပ်သားသိန်းဇော်ဝင်းနှင့် တပ်သားဖြိုးဝေလင်းတို့ ဒဏ်ရာရရှိခဲ့ပြီး တပ်ကြပ်အောင်စိုးမိုးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း၊ စစ်ကားအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မန္တလေး တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

“တပ်ကြပ်တယောက် တပ်သားနှစ်ယောက် အားလုံးပေါင်းသုံးယောက်ထိတယ်။ တပ်ကြပ်အောင်စိုးမိုးက ညောင်ဦးဆေးရုံရောက်ပြီးမှ သေတာ၊ နောက်နှစ်ယောက်ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေလို့သိရတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။

ပေါက်ကွဲမှုကြောင့် စစ်ကားနောက်ခြမ်းတခုလုံး ပျက်စီးခဲ့ပြီး၊ အရပ်သားတဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း မသိရသေးဘဲ ညောင်ဦးတမြို့ လုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။

ပုဂံညောင်ဦးဒေသတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား အပြန်အလှန်တိုက်ခိုက်မှု ယမန်နှစ် အောက်တိုဘာလမှ နှစ်ကုန်ပိုင်းအထိရှိခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသည့်ဖြစ်စဥ်မှာ ပထမဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly